Saturday 21 June 2008


တန်ဖိုးများနဲ့ အမေ့ရဲ့ (၆၃)နှစ်မြောက်မွေးနေ့

အမေ

ဒီအချိန်ဆိုရင်

၈၉ခုနှစ် တ၀ိုက်က

ဧရာဝတီမြစ် ကမ်းစပ်တလျောက်

ဝှေ့ရမ်းလက်ပြကာ နှုတ်ဆက်ခဲ့သူတွေ

အမေ့ကို မြတ်နိုးလို့ ပန်းစည်းတွေပေးခဲ့ကြသူတွေ

အမေ့ကို ချစ်ခင်လို့ အနမ်းပန်းတွေပေးခဲ့သူတွေ

အမေ့ကို လေးစားလို့ တယုတယ ဆက်ဆံခဲ့သူတွေ

အမေ့အတွက် ကောက်ပဲသီးနှံတွေ လက်ဆောင်ပေးခဲ့သူတွေ

အမေ့အတွက် ထမင်းဟင်းတွေ တကူးတကချက်ကျွေးခဲ့သူတွေ

ထိုသူတွေကို အမေ့မျက်ဝန်းထဲ မြင်ယောင်နေမှာပေါ့(လေ)။


အမေ.

ခြေလက်တပြင်လုံး(တလျောက်) သမန်းဆီ အရောင်တောက်လို့

တိုင်းပြည်ဝမ်းရေး စပါးဆန် စိုက်ထုတ်ပေးနေသူတွေ

ထိုသူတွေလေ…….. မုန်တိုင်းဘေးကြောင့်

မိသားစုတွေ သေကွဲကွဲရတဲ့ ကြမ္မာဆိုးနဲ့ကြုံ

နေထိုင်စားဖို့တောင် မရှိလောက်အောင်ဒုက္ခရောက်

အလှု့ရှင်များလာချိန်ကို တနေကုန်အောင် ငုတ်တုပ်ထိုင်ကာစောင့်(ရ)

မိုးဒဏ်လေဒဏ်အောက်မှာ လက်ဖြန့်လို့ တောင်းစားရတဲ့အဖြစ်ဆိုးထိရောက်

ထိုသူတွေရဲ့ စိတ်အာဟာရကျန်းမာရေး(နဲ့) ဘ၀ရှေ့ ရေးတွေ အရေး

အမေ့အာရုံအတွေးအစဉ်ထဲ စာနာစိတ်နဲ့ စိုးရိမ်သောကရောက်နေမှာပေါ့(လေ)။


အမေ

စစ်အာဏာရှင် စနစ်ဆိုးကြောင့်

စိတ်အနာတွေ အသစ်အသစ်တိုးရစ်နေတဲ့အဖြစ်

သားတို့ ရင်နစ်လှအောင် နာကျဉ်နေရပြီ အမေ။


သားမှတ်မိတယ် အမေ..

မိစ္ဆာစိတ်နဲ့ ပြည်သူ့အာဏာကို မတရားလုယူထားသူတစုရဲ့စကား ၊

စီးပွားရေးပိတ်ဆို့တာ ပြည်သူကိုပဲထိခိုက်နစ်နာစေတယ် တဲ့

တကယ်တွေးကြည့်ရင် သူယုတ်မာတွေရဲ့စကား ရှင်းလင်းစွာနားလည်(ရ)

ပြည်သူနဲ့ အာဏာရူးသူတစု စည်းရိုးကြီးတခုခြားထား

ပြည်သူ့အသွေးအသား အလေးမထားနိုင်ဘူး ဆိုတဲ့ပြယုဒ်

စစ်ခွေးတအုပ်ရဲ့ နာမ် ရုပ်တွေမှာ ပေါ်လွင်နေတာပဲလေ။


အမေ..

အမေ့ရဲ့ (၆၃)နှစ်မြောက်မွေးနေ့

ကိတ်မုန့်နဲ့ ဖယောင်းတိုင်ထွန်းညှိရန်

အမေတောင့်တလိမ့်မယ် မဟုတ်

သားတို့ ယုံကြည်တယ်အမေ၊

အမေ ရချင်တာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး

အမေ ဖြစ်ချင်တာ တွေ့ဆုံဆွေးနွေးအဖြေရှာရေး

အမေတွေ့ချင်တာ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေး

အမေ မြင်ချင်တာ ဒီမိုဦးဆောင်သူတွေ ညီညွတ်ကြရေး

အမေ လိုချင်တာ ပြည်သူတွေ လူတမ်းစေ့နေနိုင်ရေး

အို တို့ အမေတောင့်တတာ

တိုင်းပြည်နဲ့ပြည်သူပြည်သားကောင်းစားဖို့အရေး

ထိုအရေး အရေးတွေ

အမေ့ ရင်တွင်းကိန်းဝပ်လို့ တွေးကြံဆ

အမေ့ မေတ္တာတွေက အေးမြ

မွေးနေ့ ကိတ်မုန့်ထက် အဆမတန်အောင် ချိုမြ ၊

အမေ့ ရင်တွင်းက အဆင်း

မွေးနေ့ ဖယောင်းတိုင်အလင်းထက် နှိုင်းမရအောင် တောက်ပ၊

အမေ့ရဲ့ မွေးနေ့တိုင်းလှပလို့နေ

အမေ့ရဲ့ နေ့ရက်တိုင်း အဓိပ္ပါယ်ပြည့်ဝ နေပါတယ်လေ။

တို့ အမေ့ရဲ့ မွေးနေ့တိုင်းလှပလို့နေ

တို့ အမေ့ရဲ့ နေ့ရက်တိုင်း အဓိပ္ပါယ်ပြည့်ဝ နေပါတယ်လေ။

အေးမြဇင်(၂၀၊၆၊၂၀၀၈)