Tuesday 8 April 2008


ဖွားမေ လူထုဒေါ်အမာသို့ သစ္စာဆို တမ်းတခြင်း

လူထုရှေ့ ဆောင် ဖွားမေအမာ

သွားလေရာ သုဂတိကမ္ဘာဆီသို့

မှန်းစေကာ တို့တွေလှမ်းကာကြည့်

ဖွားမေရဲ့ ပီတိအပြုံးတွေက

သားမြေးတို့ရင်အစုံကို လှုပ်ကာလေနှိုးဆော်

မေတ္တာတရားတွေ မခေါင်းပါးအောင် နေကြနော် တဲ့


သားသမီးတို့တတွေရေ .

ပညာ ဗဟုသုတတွေ(ကို) အစွမ်းကုန် ဆည်းပူးကြနော် တဲ့

သီလတရား ဆောက်တည်ကာ

အမျိုးနဲ့ သာသနာကို စောင့်ထိန်းကာနေကြနော် တဲ့

စည်းလုံးမှ ဖြစ်မှာနော်တဲ့

လိမ္မာစွာ နေရစ်ကြနော် တဲ့

ဖွားမေရဲ့ ဆိုဆုံးမစကား အမြောက်အများ

သားတို့တတွေ အမြဲတမ်း ကြားနာနေလျက်ပါ ဖွားမေ ။


ဟိုးအဝေးရောက် သားသမီးတတွေရေ .

အမေက မင်းတို့တွေကို

အထူးတလည် မှာချင်တယ်ကွဲ့

ချစ်ချစ်ခင်ခင်နဲ့ အကျိုးတူစွာ ပူးပေါင်းလုပ်ကြကွဲ့

အကြင်နာတရားနဲ့ တဦးကိုတဦး ဖေးမကြကွဲ့

အရက်သေစာကို အထူးပင်ရှောင်ရှားကြပါကွဲ့

ဖွားမေရဲ့ ဖြူစင်စွာ မိန့်မှာတမ်း

သားမြေးတို့တွေရဲ့ ရင်အသွေးထဲစိမ့်ရောက်

ဖြန်းကနဲ ဖြန်းကနဲ ကြက်သီးမွေးညင်း ထမိတာ အမှန်ပါ ဖွားမေ ။


ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကာ(ဖြင့်)

သားမြေးတတွေရဲ့ သမိုင်း

ညစ်ပေကာ မထိုင်း မရိုင်းရလေအောင်

ဖွားမေတို့ ရေးခဲ့တဲ့ လွတ်လပ်ရေးသမိုင်းစဉ်လာကဲ့သို့

စစ်အာဏာရှင် စနစ်ယုတ် အခြေခံအားလုံးကို

အမြစ်ပါမကျန် ဆွဲနှုတ်ကာ ချိုးဖျက်ဖို့ရာ

သားမြေးတတွေ စည်းလုံးလို့ အင်အားဖြင့်

ဒုတိယမ္ပိလွတ်လပ်ရေး အောင်ပွဲရသည့်တိုင်

ဝိုင်းဝန်းကာတိုက်ထုတ်မည် လွတ်လပ်သည်အထိ

သစ္စာယှဉ်ကာ ကတိပြုလိုက်ပါ၏ ဖွားမေ လူထုဒေါ်အမာရေ ။ ။

(၈၊၄၊၂၀၀၈)အေးမြဇင်



ဖွားမေ လူထုဒေါ်အမာ ဆုံးပါးကွယ်လွန်သွားသည့် အတွက် တိုင်းပြည်တွင်းနှင့် တိုင်းပြည်ပြင်ပ တို့ တွင် နေထိုင်လျက်ရှိကြသည့် လွတ်လပ်ရေး၊ ဒီမိုကရေစီ အရေးတို့ကို လိုလားအပ်သော ပြည်သူလူထုကြီးတရပ်လုံး၏ စံပြုလေးစား တန်ဖိုးထားအပ်ပါသည့် ရင့်ကျက်မျှော်မြင်ကြီးမားလှသည့် ပြည့်ဦးနှောက်တလုံး ဆုံးရှုံးသွားခဲ့သည့်အပေါ် ကျန်ရစ်သူမိသားစုဝင်အပေါင်းနှင့်ထပ်တူကျစွာဖြင့် ၀မ်းနည်းမိပါသည်။

ဖွားမေတို့ ကြိုးပမ်းရယူခဲ့သည့် နယ်ချဲ့ လက်ပါးစေအောက်မှ လွတ်မြောက်မှုလုပ်ငန်းဝန်တာ များအား အမှတ်ရ အတုယူကာဖြင့် ကျွန်ုပ်တို့ ယနေ့မျက်မှောက်အချိန်ကာလတွင် အထူးလိုအပ်လျက်ရှိသည့် စစ်အာဏာရှင်စနစ်တွင်းမှလွတ်မြောက်ရေးနှင့် အမျိုးသားခြင်း စစ်ကျွန်ပြုနေသည့် စနစ်ညစ်ဆိုးကြီးကို လုံးဝပျောက်ကွယ်သွားရေးအတွက် ဆုံးခမ်းတိုင်သည်အထိ မြေလှန်သုတ်သင် သွားပါမည်ဟု ကတိပြု တိုင်တည်ကာ ဦးညွတ်ကန်တော့လိုက်ပါတယ်။

ညီညွတ်ခြင်းအင်အားဖြင့် စစ်အာဏာရှင်ကို

တော်လှန်တိုက်ပွဲဝင်ခြင်းဖြင့် အောင်နိုင်စေသောဝ်။

ဂုဏ်ပြုအပ်စေ အမေ့မေတ္တာတွေ

အမေ

ကိုယ်လေးလက်ဝင်ရှိစ

ရင်သွေးရယ်လို့ ရုပ်လုံးပင်

ဝမ်းကြာတိုက်တွင် ဘယ်အရာမထင်သေး

အထိုကာလကအစပြု ကိုးလချိန်တာလွန်သည့်တိုင်

အနေ အစားကို ဂရုပြုလို့ရယ်ရှောင်

အချိန်တိုင်းဟာဖြင့် ရင်သွေးအတွက်အသက်ရှင်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ ။


အမေ

ဝမ်းလွယ်လွန် ရွှေကြာဗိုက်မှသွန်

ရင်သွေးငယ် နီတာရဲစွတ်စိုအား

ဘယ်မလဲကွယ် ညင်သာစွာထိစမ်းလို့ရယ်

လှိုက်လှဲစွာ လူ့လောကထဲသို့ ကြို

ရင်ခွင်ကြားဝယ် ပိုက်ထွေးကာဖြင့်၊

မီးနေသည် သုဿန်မျက်စောင်းထိုး

အထိုစကားချိုးကို ကျော်ဖြတ်ခါဖြင့်၊

ရှုံ့နမ်းကာ အကြိမ်မရေတွက်နိုင်ဘု

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။


အမေ.

ပခုံးရယ် လက်နှစ်သစ်

လူ့လောကအလယ် လှမ်းဝင်စ

ငိုသံနှောကာ တစာစာဂျီကျလို့ရယ်

နို့ချိုလွေးဖို့ တောင်းဆိုသူအား

အရှက်တရား မေ့ပြစ်ထားလျက်

ရင်သားမြတ်အား ဖွင့်လှပ်ထားစေ

အားအင်ဖြစ်ကြောင်း နို့ရည်တိုက်ကျွေး

ရွှင်လန်းစေ မေ့ရင်သွေးငယ်လေးကိုဖြင့်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ ။ ။


အမေ..

စကားရယ် ဖေါင်ဖွဲ့ကာပြောဆို

လူသားအလယ် ရပ်တည်ဆံ့ချိန်

လောကပါလ တရားတွေသွန်သင်

နှုတ် မကြမ်းတမ်းစေ၊

စိတ်ယုတ်မာ မထားရှိစေ၊

ကိုယ်ချင်းရယ်စာ ဂရုဏာဓါတ်ရှိစေ၊

အချိန်ရယ်မလပ် သင်လို့ကာမြွတ်တြား

ထားအပ်စေကြောင်း မြင့်မြတ်စိတ်များဖြင့်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။

အမေ

အမေ့အသွင်

ဇရာတွေထင်း

ဆံကေသာ ငွေအဆင်းရောင်၊

ပါးရေတွေ လှိုင်းကြက်ခွပ်သဏ္ဌာန်၊

အရေပြားလွှာ ရေစီးညင်သာဟန်၊

စကားပြောသံ တိုးရှလေးခွင်းဖြတ်သည့်ကဲ့၊

ရုပ်သဏ္ဌာန်ဟန် ပြောင်းလဲလာလည်း

အမေ့ နာမ်စိတ်အစဉ်

ယခင်အတိုင်း မပြောင်းမထိုင်း

ရင်ဖြစ်ပေါက်ဖွါး ရင်သွေးသားတွေအား

ဆုံးမ မပျက် သွန်သင်လျက်ပင်

ရှိအပ်စေကြောင်း ရင့်ကျက်စိတ်ထားကောင်းဖြင့်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။


အမေ

နက်ရှိုင်းလှပါဘိ

အမေ့၏ မေတ္တာစွမ်းအင်အား

သားသမီးတွေဆီ ဆက်၍ဆက်၍တိုးပွါး

အဖိုးအနဂ္ဂရယ် နှိုင်းယှဉ်ကာ မဆိုကြွားဝံ့

အမေ့ သားသမီးတွေ ထားရှိစိတ်ဘ၀င်ဖြင့်

ဦးထိပ်မည် လက်အုပ်မိုး ရွှေကြာဖူးငုံသဏ္ဌာန်

ဆည်းကပ်ကာ ဦးတော် ညွှတ်တွားလို့ရယ်

အမေ့ စရိုက်သဏ္ဌာန်၊ စိတ်ဝိဥာဉ်အစီအမံ

သား၊သမီးတို့ လက်ဆင့်ကမ်းသယ်ကာဖြင့်

အမေ့မေတ္တာကျေးဇူးတွေအား ဂုဏ်ပြုပူဇော်အပ်ပါ၏ အေ မ။ ။ ။

အေးမြဇင်(၇၊၁၂၊၂၀၀၇)

မွေးမိခင် အမေ ဒေါ်ခင်အေးရီ အား ဤကဗျာလေးဖြင့်ပူဇော်အပ်ရင်း၊ ဖွားမေ လူထုဒေါ်အမာ နှင့် ဒေါ်မေ ဒေါ်အောင်ဆန်းစုကြည် တို့ကဲ့သို့ စူးရှရဲရင့်သောမေတ္တာတို့ဖြင့် ပေးဝေမျှလျက်ရှိသည့် မိခင်အပေါင်းအား ရည်စူးဂုဏ်ပြုလိုက်ပါ၏။

Friday 4 April 2008

သတိရပါလေ ငါနှင့်မိတ်ဆွေ


ကိုယ်ပိုင်ကားစီး၊ နှစ်ထပ်ဘတ်စ်ကားစီး

ခရီးလမ်း ချောမွေ့စွာ သွားလာနိုင်ချိန်(မှာ)

မိမိတို့၏ မြန်မာ့မြေပေါ် ရှိ (သော)

ပြည်သူ့ လူတန်းစားအလွှာများ၏

မွန်းကျပ်ပြည့်သိပ်စွာ ကားတိုးစီးနေကြရပုံ၊

ခြေကျင်ခရီးလမ်း မောပမ်းစွာ လျှောက်လှမ်းနေကြရပုံ၊

အခက်အခဲ အစုံစုံကို တွေးမြင်ယောင် သတိရပါ ..။


ကြက်ကြော်ကိုလွေး၊ ပေါင်မုန့်ချီ့စ်ညှပ်စား

ဝမ်းခေါင်းပြည့်အောင် စားသောက်နိုင်ချိန်(မှာ)

မိမိတို့၏ မြန်မာ့မြေပေါ် ရှိ (သော)

ပြည်သူ့ လူတန်းစားအလွှာများ၏

ထမင်းတလုပ်အတွက် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေကြရပုံ၊

ဝမ်းခေါင်းခဏငြိမ်ဖို့ ထမင်းရေတခွက် မြိုချနေကြရပုံ၊

အခက်အခဲ အစုံစုံကို တွေးမြင်ယောင် သတိရပါ ..။


နိုင်ငံရေး ခိုလှုံခွင့်၊ နေထိုင်ခွင့် အခွင့်အရေးတွေခံစား

လွတ်လပ်စွာ အခြေချ နေထိုင်နိုင်ချိန်(မှာ)

မိမိတို့၏ မြန်မာ့မြေပေါ် ရှိ(သော)

ပြည်သူ့ လူတန်းစားအလွှာများ၏

ခိုကိုးရာ အိမ်ယာမဲ့ ဘ၀အခြေပျက်နေကြရပုံ၊

ဥပဒေမဲ့ နိုင့်ထက်ပြုကျင့်ခံရ အနှိပ်စက်ခံနေကြရပုံ၊

အခက်အခဲ အထွေထွေကို တွေးမြင်ယောင် သတိရပါ .။

AMZ