Friday 25 January 2008

အဖေ့ဂုဏ်ဓါတ် သားသမီးတို့ ပူဇော်အပ်၏

အဖေ..

အိမ်ထောင်တခု တာဝန်တရပ်အား

အယူအမှန်တည့်လို့ကာ သူစွမ်းဆောင်

မိသားတစုလုံးရဲ့ ဦးခေါင်းတွဲသဏ္ဌာန်ပ

အစွမ်းရှိသမျှ ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။


အဖေ…

သား သမီးတတွေ စံနမူနာပြုစေလောက်အောင်

အပြောအဆို လုပ်ရပ်များအား သတိကြီးစွာဖြင့်

လူ့လောက အမှားတွေ သွန်သင်ဆုံးမလို့ပင်

သူ့အမှားတွေ အလျင်သုံးသပ်လို့ပြင်ပြ

အဆိုအမိန့်များစွာအား သိအပ်စေထား

လောကီဘောင်ကို အမြင်အကြည်ဓါတ်ထားတတ်စေ

ဆုံးမစကား အစဉ်ပြောဆိုကြားကာ ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။


အဖေ…

အချစ်မခမ်းစေ အိမ်ထောင်သက်တမ်း

ပျော်ရွှင်ဖွယ်ရာ နေ့ရက်တိုင်းရယ်ဖြစ်စေ

ချစ်ဇနီးကို အကြင်နာထားကာဖြင့်

ချစ်သားသမီးတတွေကို မေတ္တာထားကာဖြင့်

ဘ၀ခရီးလမ်းမသွေ ချင့်ချိန်စကားတွေဆိုလို့ကာ

ကြည်နူးစေ ရွှန်းဖေါက်ကာခွန်းဆင့်လို့ ရံဖန်ရံခါ

တင့်ဆန်းပလေ စိတ်မညစ်ညူးရစေအောင်

အိမ်တွင်းသာယာစေ ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။


အဖေ…

ဖောက်ပြန်သော အမူအကျင့်တွေကိုစက်ဆုပ်

မတရားအနိုင်ကျင့်မှုတွေကို ဆန့်ကျင်ဖီလာ

ရဲဝံ့သော စကားဆိုကာ တုန့်ပြန်တတ်သည့် ဗီဇ

အများမျက်ရည်ပေါက်တွေ ထောက်ရှုစာနာ

မိုးခါးရေ ငါမသောက်ဆိုသည့် မူဝါဒ

အကျင့်နှင့်သီလကောင်းတွေ ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။


အဖေ…

အမိုးပေါက် ထရံပျက်ပျက်

ပုဆိုးပြဲ စွတ်ကျယ်ပေါက်ပေါက်

မင်းတို့ရဲ့ စိတ်ဓါတ် အောက်တမ်းမရောက်အောင်နေ

အ၀တ်အစားဆိုတာ ကွပ်ထားရုံသပ်သပ် အချိန်မရွေး ပြောင်းလို့ကာ ဆင်နိုင်သကွဲ့

ယုတ်ညံ့စိတ်ဓါတ် စွဲကပ်တတ်သဘော စောကြောမနေနဲ့ အဲ့ဒါအဟုတ်ကွဲ့

လူ့ဘ၀ ခဏနေချိန်ကာလ တပါးသူ(အများသူငါ) ကိုယ်၊စိတ်ဒုက္ခမရောက်အောင်ရှောင်ကွ

လူလား လားမြောက်တဲ့ လူဖြစ်အောင်နေကြ အစဉ်ဆိုဆုံးမ

လေးစားလောက်ပါတဲ့ တို့ရဲ့ ဖေဖေ။


အဖေ…

ပညာရဲ့ တန်ဖိုး မြတ်နိုးကာလေးစား

ပညာမငတ်ရစေဖို့ စာအုပ်စာပေ၀ယ်ကာဖတ်ပြ

စာပေကျင့်သားရအောင် သမီး သားတို့အား ပေးဝေမျှ

မျိုးစေ့ရင့်သန်အောင် ရှေ့ ဆောင်လမ်းပြ

စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။


အဖေ…

ရောင်စုံကောက်ကြောင်းများထဲ အနုပညာအသွေးချယ်သ

သားသမီးတွေရဲ့ ပုံတူကြအောင် ဆွဲချယ်ကာဖေါ် ပြ

နူးညံ့ခြင်း သဘောအဆင်းတွေ ကူးဆက်စေ

ထူးမြတ်ခြင်း ကဗျာ့ဓါတ်ခံတွေ ပေးဝေမျှ

အစ အလယ် အဆုံး သေသပ်စွာပြီးဆုံးစေဖို့လမ်းညွှန်ပြ

ကျေးဇူးကြီးမြတ်ပါတဲ့ ချစ်ဖေဖေ။ ။

အေးမြဇင်(၁၊၂၀၀၈)

ကျေးဇူးကြီးမြတ်လှသည့် ဖေကြီး ၏ ၁လပိုင်း ၂၆ရက်နေ့ တွင် ပြည့်မြောက်သော ၆၉နှစ်မွေးနေ့အား အထက်ပါကဗျာလေးဖြင့် အဝေးတနေရာရောက် သားလတ်မော်မှ အဖေ့အမူအကျင့်များကို သတိရတမ်းတစွာဖြင့် ဂုဏ်ပြုပူဇော်ရင်း လောကီအကျိုးအတွက် အဖေ့ဆန္ဒတို့ကဲ့သို့ ကောင်းကျိုးပြုနိုင်အောင် အစဉ်ကောင်းမြတ်သောစိတ်အခြေခံတို့ဖြင့် ပြုမူနေထိုင်သွားပါမည်ဟု
ထပ်မံ ကတိသစ္စာပြုလိုက်ပါတယ်အဖေ။

အဖေကျန်းမာစွာဖြင့် ရည်ရွယ်ချက်လုပ်ငန်းဆောင်တာများကို အသက်ရာကျော်သည့်တိုင်အောင် လုပ်ဆောင်

ရင်း သားတို့သမီးတို့အား လမ်းကောင်းများအား ထပ်မံပြလှည့်နိုင်ပါစေဟု မွေးနေ့ဆုတောင်း ဆန္ဒပြုအပ်ပါတယ်

ချစ်ဖေဖေ။

Monday 21 January 2008

ပြည်တခွင်ကို ပျံ့ နှံ့စေ


ဒါ တော်လှန်ရေး

ဖလော်ဆော်ဖီအတွေး မတွေးနဲ့

ဖေါ် မြူလာတွေနဲ့ မရှင်းနဲ့

သီအိုရီတွေနဲ့ မထွေးနဲ့

လက်တွေ့ ကြတဲ့ လမ်းစဉ်တွေမွေးထုတ်

လက်တွေ့ ကြတဲ့ ဖြေရှင်းမှုတွေလုပ်

အတက် အကွေ့ တို့ရဲ့ ဇွဲ၊သတိ ရှိမှုတွေနဲ့ အားထုတ်

တော်လှန်ရေး တော်လှန်ရေး တော်လှန်ရေး

ကျားကုတ်ကျားခဲ အသွေးအသားထဲစွဲစေ

တော်လှန်ရေးရဲ့ ရဲသွေးစိတ် ပြည်တခွင်အနှံ့ ပျံ့ နှံ့စီးဆင်းစေ။

အေးမြဇင်(၂၁၊၁၊၂၀၀၈)

Saturday 19 January 2008

အောင်ဖို့ရည်ကြံ


အတ္တ အခွံမာ လွှာချ၊

ဒဿန တမူဟန်တို့ ချူချ၊

စိတ္တရ အယူသန်ခြင်း ခွာချ၊

ညီညွတ်ခြင်း စုစည်းအင်အားဖြင့်

အဟိတ်တိရိစ္ဆာန် ထိုမူဝါဒအား

ဝိုင်းလို့ကာ တွန်းလှန်ပါမှ

မသွေမဖီ ကာလအချိန်ကြ

တို့အားလုံး လွတ်မြောက်မည်မှတ်။

တို့အားလုံး အောင်ပွဲခံမည်မှတ်။

အေးမြဖင်(၁၉၊၁၊၂၀၀၈)

Friday 18 January 2008

တော်လှန်ရေးမိတ်ဆွေသို့……


တော်လှန်ရေးမိတ်ဆွေ..

စနစ်ပြောင်းတော်လှန်ရေးက

တပါတီ(တဖွဲ့)ဇောင်းပေး လူစုရေးမဟုတ်၊

ရာသီကောင်းမှ ထွန်ယက်စိုက်ပျိုးရေးမဟုတ်၊

သိအပ်ပါစေ အိုမိတ်ဆွေ။ ။


တော်လှန်ရေးမိတ်ဆွေ..

စနစ်ပြောင်းတော်လှန်ရေးက

အပြောနှင့်လုပ်ရပ် ပေါ့ပျက်ပျက် ထားရန်မဟုတ်၊

ရာသီစာလေး မြိန်ယှက်ရည်စွာ မြည်းနေရန်မဟုတ်၊

သိအပ်ပါစေ အိုမိတ်ဆွေ။ ။


တော်လှန်ရေးမိတ်ဆွေ..

စနစ်ပြောင်းတော်လှန်ရေးက

လူထုအားတွေ ကိုယ်စားပြုစေ၊

တူညီအဖွဲ့သား ညီညွတ်ကြစေ၊

အပြောနှင့်အလုပ် ထပ်တူမျှစေ၊

ဟောင်ဖွာပါးစပ်ပြော ပြုမှုမလောစေ၊

သာယာခိုက်မှ ပျိုးကြဲမလိုက်စေ၊

ကိုယ်သာခိုက်မှ မျှောလိုက်မပြုစေ၊

သိအပ်ပါစေ အိုမိတ်ဆွေ။ ။


တော်လှန်ရေးမိတ်ဆွေ..

စနစ်ပြောင်းတော်လှန်ရေးက

ရာသီပေါ် တော်လှန်ရေးမဟုတ်၊

နရီချိန်မှတ် တော်လှန်ရေးမဟုတ်၊

မျိုးဆက်အဆင့် လက်ကမ်း၍ချီ

အချိန်မလပ် အပြီးသပ်သည်အထိ

တက်လှမ်းစေ အောင်ပွဲလမ်းဆီ

သိအပ်ပါစေ အိုမိတ်ဆွေ။ ။

အေးမြဇင်(၁၅၊၁၂၊၂၀၀၇)

Saturday 12 January 2008

ရန် ငါ သိမှတ် ပြတ်သားမြင်ကြ

ကြိမ်ဖန်မြောက်များ မုသာစကားဆို

လိမ်ညာလှည့်ကွက် ရေတွက် မရနိုင်

အမှန်လည်းမကြံဆ၊ အမှားကိုလည်း ၀န်ချမခံ

အမှားလည်းမပြင်၊ အမှန်ရှိငြှား

ထိုသူ့ လုပ်ရပ် ကောင်းလိမ့်မှတ်မှား

(အာဏာရှင် လုပ်ရပ် ကောင်းလာနိုးမှတ်)

စောင့်စား စောင့်ကြည့် ပြုနေရစ်က

ငါတို့အပြင် အမိုက်လူသား ဘယ်ဝယ်မရှိ သတိပြုအံ့။



ငါတို့တတွေ ပြုမူလုပ်ရပ် အတွေးဓါတ်အား

ထင်ရှားကြည်လင် ပြတ်သားစွာမြင်

ပြည်သူ့ဒုက္ခ စာနာထောက်ရှု

ရှေ့ဆက်လုပ်ငန်း သွားမည့်လမ်းမှာ

တုံ့ကာမဆိုင်း ရင်ဆိုင်လှမ်းကာ

အောင်ပွဲကြငှါန်း ဆိုက်မည်မှတ်ရော့

ပန်းတိုင်ထိုဆီ အရောက်ချီကြ။ (အရောက်ချီအံ့)။

ပန်းတိုင်ထိုဆီ အဆုံးသတ်ချီကြ။ (အဆုံးသတ်ချီအံ့)။

အေးမြဇင်(၁၂၊၁၊၂၀၀၈)

စစ်အာဏာရှင် တစုသည် ၄င်းတို့အစဉ်တစိုက် ရမ်းကားအနိုင်ကျင့်လျက်ရှိသည့် စိတ်ဓါတ်၊ အပြုအမူတို့ကို အလွယ်တကူ ပြောင်းလဲ လိမ့်မည်မဟုတ်ဆိုသည့် အချက်ကို ၂၀၀၇ခုနစ် စက်တင်ဘာလတွင် ငြိမ်းချမ်းရေးအတွက် မေတ္တာပို့သရွတ်ဆို၍ တိုင်းပြည်တွင်းတွင် မှီတင်းနေထိုင်ကြသူအပေါင်း (စစ်သား၊စစ်ဗိုလ်များအပါအ၀င်။၎င်းတို့သည် မိုးကြရွှေကိုယ် တို့မဟုတ်၊ ပြည်သူထဲမှ ပေါက်ဖွါးကြီးပြင်း၍ ဆရာ၊ဆရာမတို့ထံမှ ပညာဗဟုသုတ ရှာမှီးသင်ယူခဲ့ကြသူများဖြစ်သည်။) တို့အား ဘေးအန္တရာယ် အပေါင်းမှ သက်သာလွတ်ငြိမ်းနိုင်ပါစေကြောင်း ရည်ရွယ်သော စိတ်စေတနာကောင်းတို့ကို ရှေ့ရှုလုပ်ဆောင်နေကြသည့် ဗုဒ္ဓသာသနာတော်မြတ်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် သံဃာ၊သီလရှင်အပေါင်းနှင့် မေတ္တာတရားကို ဖြူစင်စွာသောစိတ်ဖြင့် ရဲရင့်တည်ကြည်စွာ ပူးပေါင်းပါဝင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူတို့နှင့် ပြည်သူ၊ ပြည်သားတို့အား လမ်းမ အလယ်တွင် ရိုက်နှက်သတ်ဖြတ်ခြင်းဖြင့် လူမဆန်သော အစွမ်းကုန် ယုတ်မာခြင်းနည်းလမ်းတို့ဖြင့်သာ ပြန်လည်တုန့်ပြန်ခဲ့ပုံကို ကျွန်ုပ်တို့အားလုံး သိမြင်ခဲ့ကြပြီး ဖြစ်သည့်အားလျော်စွာ၊ စစ်အာဏာရှင်စနစ်အောက်တွင် ၄၅နှစ်ကျော် ကြရောက်လျက်ရှိသည့် မြန်မာနိုင်ငံအခြေအနေနှင့် စစ်အာဏာရှင်တို့၏ လုပ်ရပ်၊ လိမ်ညာကောက်ကျစ် မတရားအုပ်စီးပြုမူ အနိုင့်ထက်ကျင့်နေပုံများကို သိနားလည်၍ မတွေမေ၀၀ါးသောစိတ်ဓါတ်အရင်းခံကာ စစ်အာဏာရှင် လူယုတ်မာတို့၏ လိမ်ညာလှည့်ဖြားခြင်းကို လက်သင့်ခံခြင်းလုံးလုံးမပြုပဲ(၀ါ) ကောင်းလာနိုးနိုးနှင့် စောင့်ကြည့်နေခြင်းလုံးလုံးမပြုပဲ မိမိတို့ရှေ့တူရှုသို့ ဆက်လှမ်းရမည့် ပြည်သူတရပ်လုံး လွတ်လပ်ရေးကိုဦးတည်သည့် အပြောအဆိုများနှင့် နည်းလမ်းအကြံအဆ မူဝါဒလမ်းစဉ်များကို တိုးမြှင့်လုပ်ဆောင်ကြပါစို့။
စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်လိုသူအပေါင်းအားလုံးသည် မခိုမကပ်သောစိတ်တို့ကို ဦးရွက်လို့ ကာ မိမိတို့အားလုံး၏ ကိုယ်ပိုင်အခွင့်အရေးနှင့် မျိုးဆက်အပေါင်း၏ ရှေ့အနာဂတ် အခြေခံလွတ်လပ်ခွင့်တို့ အတွက်၊ မိမိတို့ကိုယ်ကို မြန်မာနိုင်ငံဖွား ယဉ်ကျေးသောလူမျိုးပါဟု မရှက်မကြောက် ပြောဝံ့သော သူအပေါင်းဖြစ်နိုင်ရန်အတွက် အစွမ်းကုန်တာဝန်သိစွာ ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့။

Friday 4 January 2008

စိတ်နှလုံးသွင်းကြ ဒုတိယမ္မိ(၀ါ) အန္ဓိမ လွတ်လပ်ရေးဆီ

နယ်ချဲ့ လက်အောက် လွတ်မြောက်ရန်တောင့်တ

သခင်စိတ်မွေး နယ်ချဲ့ ကျွန် မဖြစ်ရေး

မြင့်မြတ်စိတ်သွေး စည်းလုံးရေးဖြင့်

အသက်တွေ ပေးကြ

ဘ၀တွေ စွန့်ကြ

နိုးကြ ထလေါ့ မြန်မာတို့ဟု

တို့ဘိုး ဘေး တတွေ လှုံ့ဆော်ခဲ့ကြ (မမေ့ကြနဲ့)။



တမျိုးသားလုံး နိုးကြွအားဖြင့်

နယ်ချဲ့ ဖက်ဆစ် တိုက်ထုတ်ရစ်လို့

အိပ်မက်တွင်ပင် မက်မြင် မတွေးရဲ

လွတ်လပ်ရေး လွတ်လပ်ရေး ထိုအတွေးအား

ချေဖျက် ဖဲ့ဆုတ် မောင်းလို့ထုတ်ကာ

လွတ်လပ်ရေးကို တိုက်၍ယူပြ လက်တွေ့ပြခဲ့

တို့ဘိုး ဘေး တတွေ စွမ်းဆောင်လုပ်ခဲ့

သွေးချွေး ဘ၀များ ပေးဆပ်ထားကြ (မမေ့ကြနဲ့) ။



နယ်ချဲ့ ဖက်ဆစ် စနစ်ညစ်ဆိုး လွတ်မြောက်ယိုးလဲ

စစ်အာဏာရှင် စနစ်ယုတ်ညံ့ မလွတ်မြောက်သေး

စစ်ကျွန်ဘ၀ လူလုံးမလှ(ပုံ) သိရှိနေက

စစ်ကျွန်ဘ၀ အမျိုးသန(ပုံ) သိရှိမှန်က

တို့ဘိုး ဘေး တတွေ ထားရှိလေတဲ့

မြင့်မြတ်ဆန္ဒ ဖြည့်ဆီးကြကာ

အနာဂတ်တွင် မျိုးဆက်တလျှောက်

လွတ်လပ်ခြင်းအောက် ရွှင်မြူးတောက်ရန်

အန္ဓိမလွတ်လပ်ရေးတိုက်ပွဲတွင် ၀ိုင်းဝန်းပါဝင် ဆင်လို့နွှဲကြ (မမေ့ကြနဲ့)။

အန္ဓိမလွတ်လပ်ရေးတိုက်ပွဲတွင် စည်းလုံးညီစွာ တွန်းလှန်ပါကြ (မမေ့ကြနဲ့)။

အန္ဓိမလွတ်လပ်ရေးတိုက်ပွဲတွင် အစွမ်းကုန်ထုတ် လုပ်ဆောင်ပေးကြ (မမေ့ကြနဲ့)။

အေးမြဇင်(၄၊၁၊၂၀၀၈)

မြန်မာပြည်တ၀န်းလုံး နယ်ချဲ့ ဖက်ဆစ်စနစ်အောက်မှ လွတ်မြောက်အောင် ညီညွတ်ခြင်းခွန်အားများဖြင့် စွမ်းဆောင်ကာ မိမိတို့၏ အသက်နှင့် ဘ၀အလုံးစုံကို ပေးဆပ်ခဲ့ကြသော တိုင်းရင်းသား လူမျိုးအပေါင်းအား ဦးညွှတ်အလေးပြုပါ၏။

စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲအား အောင်ပွဲရရှိသည်အထိ ကျွန်ူပ်တို့၏ မဆုတ်မနစ်သော စိတ်ဓါတ်ခွန်အား စွမ်းအင်အပေါင်းဖြင့် သွေစည်းညီညွတ်စွာ ပါဝင်ဆင်နွှဲအံ့။

Tuesday 1 January 2008

နှစ်သစ်ကူးဆန္ဒမွန်

အနောက်တိုင်းပြက္ခဒိန်နှစ်သစ် တခုကိုချဉ်းနှင်းဝင်ရောက်လာခဲ့ပေပြီ။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူမျိုးဘာသာပေါင်းစုံက ၂၀၀၈ ခုနှစ်ကို မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းသွားနိုင်ကြဖို့ရန် နှစ်ဟောင်း၏နောက်ဆုံးနေ့ရက်ဖြစ်သော ဒီဇင်ဘာ(၃၁)ရက်နေ့ ညသန်းခေါင်ယံ တွင် ပျော်ရွှင်စွာသော၊ စိတ်ချမ်းမြေ့စွာသော နှစ်သစ်တခုဖြစ်ပါစေကြောင်း အစရှိသည့် မင်္ဂလာထောပနာမ ပြုခြင်းတို့ဖြင့် ဟစ်ကြွေးအော်ဟစ် ကခုန်ကြရင်း ကြိုဆိုခဲ့ကြပေသည်။

ကျွန်တော်တို့ရဲ့ နိုင်ငံတကာရောက် မြန်မာပြည်ဖွား အများစုသည်လည်း အထိုအပြုအမူ တို့ကို ပြုကျင့်ခဲ့ကောင်း ပေမည်။ ကျွန်တော်တို့ ပြည်ပရောက်ရှိလျက်ရှိသော မြန်မာများအနေဖြင့် မိမိတို့၏ မွေးဖွားရာအရပ်ဒေသ ကိုသတိရလျက်ရှိကာ ပြည်သူ၊ပြည်သားတို့ခံစားနေကြရသော ဒုက္ခအပေါင်း၊ မတရားဖိနှိပ်ညှင်းဆဲခံနေကြရမှုအပေါင်းမှ လွတ်မြောက်ပါစေကြောင်း ဆုတောင်းမှုများနှင့် အတူ မိမိတို့၏ ကိုယ်စွမ်း၊ဥာဏ်စိတ်စွမ်းအားအပေါင်းဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ပါဝင်နိုင်ကြပါစေရန် နှစ်သစ်ကူး စကားရပ်ဖြင့် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။

မြန်မာပြည်တွင်းတွင် နေထိုင်ကြကုန်သော ရဟန်းသံဃာ သီလရှင်၊ မိဘ ဆရာ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူ ပြည်သား အပေါင်း တို့ မတရားအနိုင့်အထက်ပြုကျင့်ခံနေကြရခြင်းဘေးနှင့် အခြားအခြားသော ကပ်ဘေးဆိုးအပေါင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း ပို့သပါ၏။

လွတ်လပ်ပျော်ရွှင်၍ စစ်မှန်သော မင်္ဂလာနှစ်သစ်အပေါင်းကို နှစ်နှစ်ကာကာစိတ်တို့ရှိစွာဖြင့် ကြိုဆိုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါ၏။