Friday, 13 March 2009

စုစည်းအားဖြင့် တိုက်ပွဲဝင်


လာခဲ့ရာလမ်း ပြန်လို့သာ တွေးဆင်ခြင်
ငါတို့ဟာ ဒဏ်ရာဗလဗွတွေနှင့် ထုံမွန်း
လူ့ဘီလူးတွေရဲ့ အကြမ်းဖက်အုပ်စိုးမှုအောက်မှာလေ၊
သွေးစွန်းကာ အသက်တွေပျောက်ကြရ
မိသားစု အသိုက်အမြုံတွေ ပြိုလို့ပျက်ကြရ
ပညာရေး မျှော်လင့်ချက်လမ်းစတွေ ပျောက်ဆုံးကြရ
အတုံးအရုံးနဲ့ ဆုံးရှုံးမှုတွေအောက်မှာလေ။


စဉ်းလဲသူတို့ရဲ့ အုပ်စိုးအနိုင်ကျင့်မှုတွေတလျောက်
ဝပ်ပြားလို့ မနေချင်ကြသူများရယ်မို့
ဇွတ်တိုးလို့ကာ အကြောက်တရားဖယ်ရှား
ဖေါက်ပြားသူ အ၀န်းအ၀ိုင်းကို တော်လှန်ခဲ့ ရာဇ၀င်တွင်
ဖေါက်ပြားသူ အ၀န်းအ၀ိုင်းကို တော်လှန်ခဲ့ ထာဝစဉ်။


အဖိအနှိပ်ခံ ခါးစည်းဒဏ်ပိနေ ပြည်သူအပေါင်းအတွက်
ကောင်းချီးမင်္ဂလာအချိန်ကို ရောက်ဖို့ရန်လေ၊
လွတ်လပ်ဖို့အတွက် လွတ်မြောက်ဖို့ကို ကြံဆ
ထိုထိုစိတ်ကူး ဆန္ဒများကို ဖော်ဆောင်
ပြည်သူအပေါင်းရဲ့ ဆင်းရဲမှု ဒုက္ခပေါင်းများစွာနှင့်
ထပ်တူကာ ငါတို့ခံစားရင်း
ဒေါင်းအနွယ်တို့ရဲ့ လာရာလမ်းကို
မေ့လျော့ကာ မသွားမိစေဖို့ ထားကြအစဉ်။


ဒေါင်းအနွယ်တို့ရဲ့ ခွန်အားအပေါင်းဖြင့်
အမှန်အစစ် အင်အားစုစည်းလို့ကာ
အကြံအသစ် အစဉ်အတွေးများ ပေါင်းစုအားဖြင့်
မတရားပြုကျင့်သူအပေါင်းကို မောင်းထုတ်ရန်
ဝိုင်းဝန်းကာ မနှေးအမြန် တိုက်ထုတ်ကြ(ပါစို့)။ ။


အေးမြဇင်(၃၊၂၀၀၁)

Saturday, 10 January 2009

ပြာသိုလပြည့် အမေများနေ့အား ဂုဏ်ပြုခြင်းအနေဖြင့် အမေ့အတွက်ရေးဖွဲ့ ခဲ့သည့်ကဗျာအား ပြန်လည်ဖေါ်ပြရင်း ........
အဝေးတနေရာရောက်ရှိနေသော သူတယောက်အနေဖြင့် အမေ့ကျေးဇူးအပေါင်းအား မရေမတွက်နိုင်ခြင်းမြောက်များစွာဖြင့် .....
တပါးသူအပေါ်နှင့် အများသူငှါတို့အပေါ်ကိုယ်ချင်းစိတ်ဓါတ်များကို ထားရှိစေနိုင်ရန် သွန်သင်ဆုံးမပေးလျက်ရှိသော အမေအပေါင်းအား ဂါရ၀တရား ရင်တွင်းပွါးလျက် ...........


ဂုဏ်ပြုအပ်စေ အမေ့မေတ္တာတွေ


အမေ…

ကိုယ်လေးလက်ဝင်ရှိစ

ရင်သွေးရယ်လို့ ရုပ်လုံးပင်

ဝမ်းကြာတိုက်တွင် ဘယ်အရာမထင်သေး

အထိုကာလကအစပြု ကိုးလချိန်တာလွန်သည့်တိုင်

အနေ အစားကို ဂရုပြုလို့ရယ်ရှောင်

အချိန်တိုင်းဟာဖြင့် ရင်သွေးအတွက်အသက်ရှင်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ ။ ။


အမေ…

ဝမ်းလွယ်လွန် ရွှေကြာဗိုက်မှသွန်

ရင်သွေးငယ် နီတာရဲစွတ်စိုအား

ဘယ်မလဲကွယ် ညင်သာစွာထိစမ်းလို့ရယ်

လှိုက်လှဲစွာ လူ့လောကထဲသို့ ကြို

ရင်ခွင်ကြားဝယ် ပိုက်ထွေးကာဖြင့်၊

မီးနေသည် သုဿန်မျက်စောင်းထိုး

အထိုစကားချိုးကို ကျော်ဖြတ်ခါဖြင့်၊

ရှုံ့နမ်းကာ အကြိမ်မရေတွက်နိုင်ဘု

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။


အမေ….

ပခုံးရယ် လက်နှစ်သစ်

လူ့လောကအလယ် လှမ်းဝင်စ

ငိုသံနှောကာ တစာစာဂျီကျလို့ရယ်

နို့ချိုလွေးဖို့ တောင်းဆိုသူအား

အရှက်တရား မေ့ပြစ်ထားလျက်

ရင်သားမြတ်အား ဖွင့်လှပ်ထားစေ

အားအင်ဖြစ်ကြောင်း နို့ရည်တိုက်ကျွေး

ရွှင်လန်းစေ မေ့ရင်သွေးငယ်လေးကိုဖြင့်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ ။ ။


အမေ…..

စကားရယ် ဖေါင်ဖွဲ့ကာပြောဆို

လူသားအလယ် ရပ်တည်ဆံ့ချိန်

လောကပါလ တရားတွေသွန်သင်

နှုတ် မကြမ်းတမ်းစေ၊

စိတ်ယုတ်မာ မထားရှိစေ၊

ကိုယ်ချင်းရယ်စာ ဂရုဏာဓါတ်ရှိစေ၊

အချိန်ရယ်မလပ် သင်လို့ကာမြွတ်တြား

ထားအပ်စေကြောင်း မြင့်မြတ်စိတ်များဖြင့်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။

အမေ…

အမေ့အသွင်

ဇရာတွေထင်း

ဆံကေသာ ငွေအဆင်းရောင်၊

ပါးရေတွေ လှိုင်းကြက်ခွပ်သဏ္ဌာန်၊

အရေပြားလွှာ ရေစီးညင်သာဟန်၊

စကားပြောသံ တိုးရှလေးခွင်းဖြတ်သည့်ကဲ့၊

ရုပ်သဏ္ဌာန်ဟန် ပြောင်းလဲလာလည်း

အမေ့ နာမ်စိတ်အစဉ်

ယခင်အတိုင်း မပြောင်းမထိုင်း

ရင်ဖြစ်ပေါက်ဖွါး ရင်သွေးသားတွေအား

ဆုံးမ မပျက် သွန်သင်လျက်ပင်

ရှိအပ်စေကြောင်း ရင့်ကျက်စိတ်ထားကောင်းဖြင့်

အတိုင်းအထက်အလွန်

မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။


အမေ…

နက်ရှိုင်းလှပါဘိ

အမေ့၏ မေတ္တာစွမ်းအင်အား

သားသမီးတွေဆီ ဆက်၍ဆက်၍တိုးပွါး

အဖိုးအနဂ္ဂရယ် နှိုင်းယှဉ်ကာ မဆိုကြွားဝံ့

အမေ့ သားသမီးတွေ ထားရှိစိတ်ဘ၀င်ဖြင့်

ဦးထိပ်မည် လက်အုပ်မိုး ရွှေကြာဖူးငုံသဏ္ဌာန်

ဆည်းကပ်ကာ ဦးတော် ညွှတ်တွားလို့ရယ်

အမေ့ စရိုက်သဏ္ဌာန်၊ စိတ်ဝိဥာဉ်အစီအမံ

သား၊သမီးတို့ လက်ဆင့်ကမ်းသယ်ကာဖြင့်

အမေ့မေတ္တာကျေးဇူးတွေအား ဂုဏ်ပြုပူဇော်အပ်ပါ၏ အေ မ။ ။ ။

အေးမြဇင်(၇၊၁၂၊၂၀၀၇)

မွေးမိခင် အမေ ဒေါ်ခင်အေးရီ အား ဤကဗျာလေးဖြင့်ပူဇော်အပ်ရင်း၊ ဖွားမေ လူထုဒေါ်အမာ နှင့် ဒေါ်မေ ဒေါ်အောင်ဆန်းစုကြည် တို့ကဲ့သို့ စူးရှရဲရင့်သောမေတ္တာတို့ဖြင့် ပေးဝေမျှလျက်ရှိသည့် မိခင်အပေါင်းအား ရည်စူးဂုဏ်ပြုလိုက်ပါ၏။

Friday, 26 December 2008

၆၇ နှစ်မြောက် ဘီအိုင်အေ နေ့ တို့မမေ့ကြပြီ

၁၉၄၁ ခုနစ် ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ရဲဘော်သုံးကျိပ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် စတင်ဖွဲ့စည်းကာ သွေးသစ္စာကျိမ်ဆိုခဲ့သည့် (၆၇)နှစ်မြောက် နှစ်ပတ်လည်နေ့အား လုံးဝမမေ့လျော့ကြခြင်းများစွာဖြင့် အမှတ်ရ ဂုဏ်ပြုဦးညွှတ်ပါ၏။
လေးစားတန်ဖိုးထားခြင်းများနှင့်အတူ ဦးညွတ်လို့ကာ၊ အသက်နှင့်ဘ၀တို့ကို အလုံးစုံပေးဆပ်ကြမည်ဟူသည့် မွန်မြတ်သော ခေါင်းဆောင်ကောင်း(ဗိုလ်ချုပ် အောင်ဆန်း)စိတ်ဓါတ်ကို အတုယူစိတ်ဖြင့်၊ စစ်အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်ဖို့ရန် စည်းလုံးညီညာမှုတို့ ဦးစီးဦးရွက်လို့ကာဖြင့် တက်ညီလက်ညီဝိုင်းဝန်းလုပ်ဆောင်ပါဝင်ကြပါစို့။

Wednesday, 24 December 2008

သွေးမြတ်ပေးဆပ် တို့ပြည်ရွာလှစေ


ငါ(င)တို့ ကောင်းမှုတွေနဲ့

ပြည်ရွာအနှံ့ ဖြူကြည်သန့်ရန်၊

သွေးသန့်ကောင်းမွန် ပေးဝေလှူမျှ

အသက်တွေဆက် ကူညီကြအံ့။


မွန်မြတ်သော သွေးစက်တွေပေါင်းစု

အားအင်သစ်စေ ရုန်းကြွအားပြု

သွေးသားအသက် ပေး၍ဆပ်အံ့။


သွေးညစ်ယုတ်ညံ့ ဖယ်စွန့်ဖောက်သွန်

မကူးစက်စေ ကာကွယ်ပေအံ့။


(အေးမြဇင်)၁၀၊၄၊၂၀၀၈

Friday, 8 August 2008

ဒေါင်းဝိဥာဉ် တို့ ၏ဆန္ဒမွန်


ကျုပ်တို့ စာသင်ကျောင်းသား လက်ဖယောင်းမှာ

ဒေါင်းအလံ နှင့် ကလောင်တ

သခင်ကိုယ်တော်မှိုင်း နှင့် ဗိုလ်ချုပ်အောင်ဆန်း တို့ရဲ့ပုံကားချပ်

ကြွေးကြော်တောင်းဆိုတဲ့ စက္ကူချပ်တွေဆုပ်ကိုင်

တကယ်စက်ဆုပ်တဲ့ စနစ်ယုတ်ကို ဖယ်လို့ထုတ်တဲ့

သြဂုတ်လ ရဲ့ နေ့ရက်များ

သင်တို့ ရင်ထဲ မှတ်မိကောင်းရဲ့ ကောင်းပါရဲ့ ။

အားလုံးသော ပြည်သူတို့ အတွက် တောင်းဆိုတဲ့

ကျုပ်တို့ကျောင်းသူ ကျောင်းသားတို့က

တချောင်းဆို မပိုင်ထား တဲ့ သေစေသောလက်နက်


ခန္ဓာကိုယ်ထက် မပါရှိ ပေမဲ့

တဦးချင်းစီရဲ့ မှန်ကန်တဲ့ စိတ်ဓါတ်က

ခွပ်ဒေါင်း အားမာန်နဲ့ စနစ်ဆိုးပြောင်းရန်သာ

ရင်ထဲစွဲအပ်၍ ယုံကြည်ကာ ချီတက်ခဲ့ပုံ

သြဂုတ်လ ရဲ့ နေ့ရက်များ

သင်တို့ ရင်ထဲ မှတ်မိကောင်းရဲ့ ကောင်းပါရဲ့ ။

ပြည်သူလေးစားတဲ့ စစ်တပ်ကို မျက်နှာမဲသုတ်

အာဏာရှင် အလိုကျ ခုတုံးလုပ် အသုံးပြု

ကျုပ်တို့ ကျောင်းသား ပြည်သူကို

ရက်စက်စွာ ပစ်သတ် သုတ်သင်တဲ့

အဓမ္မပြုကျင့်ပုံ မြင်ကွင်းသဏ္ဌာန် အကွက်


သြဂုတ်လ ရဲ့ နေ့ရက်များ

သင်တို့ ရင်တွင်းပုံရိပ် ထင်နေကောင်းရဲ့ ထင်ပါရဲ့ ။


ကျုပ်တို့ရဲ့ အသက်ဇီဝိန်တွေက

ရုပ်ခန္နာ မှ ဆုတ်ခွာခဲ့ရပေမဲ့

ဝိဥာဉ်ဆန္ဒ တွေက

အမျိုးကိုမြင့်စေချင်လှသမို့ ….

အမှန်တရား ထွန်းကားချင်လှသမို့ ….

လွတ်လပ်သော ပညာရေး ပေါ်ထွန်းချင်လှသမို့ ....

မပြီးဆုံးသေးတဲ့ တိုက်ပွဲလမ်းကြောင်းတလျှောက်

အစဉ်လျှောက်လှမ်း လျက်ရှိကြောင်း

သင်တို့တွေအား သတင်းပါးရဲ့ ပါးပါရဲ့ ။


ကျုပ်တို့ရဲ့ ကိုယ်ခန္ဓာတွေ

ခြင်းခြင်းနီလှ သွေးအိုင်ကျလဲ

ပေးဆပ်ခဲ့ရ ပေးခဲ့ရငြား

(ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး မရသေးသ၍)

တောင်းတ ဆန္ဒများ မရသေးသ၍

ကျုပ်တို့ရဲ့ ၀ိဥာဉ်

ခွပ်ဒေါင်း အသွင်စိတ်နဲ့ ဆက်လက်ရှင်သန်နေကြောင်း

သင်တို့တွေအား သတင်းပါးရဲ့ ပါးပါရဲ့ ။

ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး အလုံးစုံ ပုံပေါ် တဲ့တနေ့


ကျုပ်တို့ရဲ့ ရုပ်သဏ္ဌာန် ကဒေါင်း အသွင်ရုပ်နဲ့

ဒီမြေ ဒီရေ အရပ်မှာ အလှဒေါင်း အဆင်အကဖြင့်

ကျုပ်တို့ ချစ်သော ပြည်သူအပေါင်းအား

မြူးကြွတဲ့ ဒေါင်းအက အဆင်အပြင်ဖြင့် ဖျော်ဖြေ၍

သွားလိုတဲ့ အထက်ဘုံ ထိုစခန်းဆီသို့

ကျုပ်တို့တတွေ ဆက်ခါ မြန်းလိုပါ၏ မြန်းလို၏ ။ ။


အေးမြဇင် (၈၊၈၊၂၀၀၂)

မတရားသော အုပ်ချုပ်ရေးစနစ်ဆိုးအား ရဲရင့်မွန်မြတ်သောစိတ်ဓါတ်ဖြင့် တပ်ဦးမှနေ၍အသက်စွန့်သွားသော ကျောင်းသူ၊ ကျောင်းသား အကို၊အမ တို့၏ ၀ိဥာဉ်များပူးကပ်ခံစားကာ ရေးဖွဲ့ခဲ့ ပါကြောင်း။ ဖိနှပ်ချုပ်ချယ်သော စနစ်ဆိုးတို့ကို အစဉ်တော်လှန်ရင်း တိုင်းပြည်နှင့်
ပြည်သူအပေါင်းအား အစဉ်အမြဲ ပျော်ရွှင်လွတ်လပ် စေချင်သော ဆန္ဒတို့ဖြင့် အသက်ခန္ဓာတို့ကို ပေးအပ်ခဲ့ကြသည့် ပုဂ္ဂိုလ်အပေါင်းအား လေးစားတန်ဖိုးထားစွာ ဖြင့် ဦးညွှတ်အလေးပြုပါ၏။


ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည် ။ မုချအောင်ရမည်။
လက်နက် အာဏာဖြင့် ဖိနှိပ်အနိုင်ယူသောစနစ်ဆိုးတို့ လုံးဝရှုံးနိမ့်
ပျောက်ကွယ်စေရမည် ။ ပျောက်ကွယ် စေရမည် ။