စစ်မုန်းနှင်းဆီ အတွက် မြရွက်တို့ရဲ့ မော်ကွန်း
(၁)
ကျောက်ဂူထဲက
တလှမ်းခြင်းထွက်လာတဲ့
ကြေးဝါရောင် ခြင်္သေ့ တကောင်လိုပဲ
၁၉၉၁ ရဲ့ ဒီဇင်ဘာ(၁၀)ရက်ဟာ
နေခြည်မျှင်စတွေကို လည်ဆံမွှေးလိုခါချရင်း
လူ့လောကထဲ တိုးဝင်လာခဲ့ပြီ။
ဖက်ဆစ်ကလဲ
သူ့ဖိနပ်ကို ကျစ်တဲ့ကြိုးနဲ့ ငါတို့ကို စီးမိုးတုပ်ခတ်
ဘီလူးအိပ်မက်မှာ ညတွေနက်ပြီးရင်း နက်ခဲ့ပြီ။
ငါတို့ရဲ့ တော်လှန်နိုင်ငံဟာ
အာရှရဲ့ မုတ်သုန်စီးကြောင်းအောက်မှာ
စစ်ခမောက်တလုံး မှောက်ထားသလို မီးခိုးညိုတွေအူထွက်
အဲဒီအထဲကမှ ငါကအားယူ နိုးထလျက်ပေါ့။
ဒီနေ့ဟာ
သံလွင်ခက်တွေ သက်ဝင်မဲ့နေ့
ရာဇ၀င်မှာ ရွှေလို စင်ကြယ်တဲ့နေ့ပါပဲ
ငါ့ရင်ထဲမှာ မွှေးမြသင်းရီ
ငါ့နိုင်ငံမှာ လင်းပစွေးနီ
ငါတို့ချစ်သော အို.. အောင်ဆန်းနှင်းဆီ။
(၂)
ဘုန်းကြီးသင်္ဃန်းတွေကို ချွတ်ပြီး
လူသေပတ်တဲ့ အ၀တ်လုပ်သူတွေက
နိုင်ငံတော်အာဏာကို
သေနတ်အိပ်ထဲက ထုတ်ကြည့်နေလေရဲ့ ။
အရိုးနဲ့ ဆောက်တဲ့ အုတ်ဂူမှာ
ယမ်းငွေ့ သွေးမြူတွေအုံ့ဆိုင်း
သည်မြေကို ရိုင်းအောင် လုပ်ရက်ကြတယ်
ဟေး… ပွင့်စမ်း ဝေစမ်း ရဲရင့်စမ်း
ငါတို့ချစ်သော အောင်ဆန်းနှင်းဆီ။
ငြိမ်းချမ်းရေးကို မြတ်နိုးသူဟာ
သံချပ်ကာ အင်္ကျီ ၀တ်ထားသင့်သလား
သားသတ်သမားနဲ့ ဘုရားသခင်ကို ငါမေးချင်တယ်။
တောင်စွယ် နေကွယ်ချိန် သူသတ်ကုန်းမှာ
ငါလိုရာသာ တောင်းခွင့်ရရင်
မင်းတို့ ဘုရင်နဲ့ စီးချင်းထိုးချင်တယ်လို့ပဲ
ငါပြောမိလိမ့်မယ်။
ဒါ တော်လှန်ရေး
တော်လှန်ရေးမှာ အေးစက်မှုန်ဝါး
အောင်ဆန်းနှင်းဆီ နေ့များ
အောင်ဆန်းနှင်းဆီ ညများ
ပြည်သူကြားမှာ လွင့်ပါးလှုပ်ခတ်
အနာဂတ်မိုးကြီး ရွာလိမ့်မယ်
အနာဂတ်မိုးကြီး ရွာတော့မယ်ကွယ်။
(၃)
ဒီကဗျာကို ငါရေးတာ
သူမအတွက် ဘုန်းတော်ဘွဲ့ တင်ဆက်တာ မဟုတ်ဘူး
တော်လှန်ရေးကို အာဇာနည်ကုန်းပေါ်က တက်အလေးပြုတာပဲဖြစ်တယ်။
ငြိမ်းချမ်းရေးစောင်းကြိုးနဲ့ ဟိုး အဝေးက စစ်ခရာ
လောကမှာ ဘယ်သူ လင်းပြာစေမလဲ
ဆက်လျှောက် ဆက်ကြိုးစား
အမှန်တရားဆိုတာ ဘယ်သူမှ အလကားမရဘူး
လျှောက်ရဲသူအတွက် လမ်းဆိုတာ
မနက်ဖန် နေထွက်ချိန်တိုင်းမှာရှိတယ်။
ကြောက်တဲ့သူ လက်နက်ချစတမ်း ဆိုရင်
ငါရေးတဲ့ ဒီနှင်းဆီပန်းကဗျာဟာ ဓါးဖြစ်လာလိမ့်မယ်
ထက်မြစိမ်းဝင်း
သတ္တိအဆင်းတို့ လွှမ်းခြုံ
အရှေ့ စူးစူး ရောင်ခြည်ခူးဖို့
ငါတို့ အားလုံး ဦးလည်မသုန်
ငါတို့ အားလုံး ဦးလည်မသုန်
ငါတို့ အားလုံး ဦးလည်မသုန်။ ။
ရွှေဘုန်းလူ (ခ)ချစ်ညီညီ(ခ)တာရာမင်းဝေ (ဒီဇင်ဘာ၊၁၉၉၁ တွင် ထောင်တွင်းရေးစပ်ခဲ့သည်) (၈၈မျိုးဆက်ကျောင်းသား)
ကိုဇော်ဇော်အောင်(၈၈မျိုးဆက်ကျောင်းသား) မှ ပြန်လည်ဖေါ်ထုတ်သည်။
No comments:
Post a Comment