ဒေါင်းဝိဥာဉ် တို့ ၏ဆန္ဒမွန်
ကျုပ်တို့ စာသင်ကျောင်းသား လက်ဖယောင်းမှာ
ဒေါင်းအလံ နှင့် ကလောင်တံ
သခင်ကိုယ်တော်မှိုင်း နှင့် ဗိုလ်ချုပ်အောင်ဆန်း တို့ရဲ့ပုံကားချပ်
ကြွေးကြော်တောင်းဆိုတဲ့ စက္ကူချပ်တွေဆုပ်ကိုင်
တကယ်စက်ဆုပ်တဲ့ စနစ်ယုတ်ကို ဖယ်လို့ထုတ်တဲ့
သြဂုတ်လ ရဲ့ နေ့ရက်များ
သင်တို့ ရင်ထဲ မှတ်မိကောင်းရဲ့ ကောင်းပါရဲ့ ။
အားလုံးသော ပြည်သူတို့ အတွက် တောင်းဆိုတဲ့
ကျုပ်တို့ကျောင်းသူ ကျောင်းသားတို့က
တချောင်းဆို မပိုင်ထား တဲ့ သေစေသောလက်နက်
ခန္ဓာကိုယ်ထက် မပါရှိ ပေမဲ့
တဦးချင်းစီရဲ့ မှန်ကန်တဲ့ စိတ်ဓါတ်က
ခွပ်ဒေါင်း အားမာန်နဲ့ စနစ်ဆိုးပြောင်းရန်သာ
ရင်ထဲစွဲအပ်၍ ယုံကြည်ကာ ချီတက်ခဲ့ပုံ
သြဂုတ်လ ရဲ့ နေ့ရက်များ
သင်တို့ ရင်ထဲ မှတ်မိကောင်းရဲ့ ကောင်းပါရဲ့ ။
ပြည်သူလေးစားတဲ့ စစ်တပ်ကို မျက်နှာမဲသုတ်
အာဏာရှင် အလိုကျ ခုတုံးလုပ် အသုံးပြု
ကျုပ်တို့ ကျောင်းသား ပြည်သူကို
ရက်စက်စွာ ပစ်သတ် သုတ်သင်တဲ့
အဓမ္မပြုကျင့်ပုံ မြင်ကွင်းသဏ္ဌာန် အကွက်
သြဂုတ်လ ရဲ့ နေ့ရက်များ
သင်တို့ ရင်တွင်းပုံရိပ် ထင်နေကောင်းရဲ့ ထင်ပါရဲ့ ။
ကျုပ်တို့ရဲ့ အသက်ဇီဝိန်တွေက
ရုပ်ခန္နာ မှ ဆုတ်ခွာခဲ့ရပေမဲ့
ဝိဥာဉ်ဆန္ဒ တွေက
အမျိုးကိုမြင့်စေချင်လှသမို့ ….
အမှန်တရား ထွန်းကားချင်လှသမို့ ….
လွတ်လပ်သော ပညာရေး ပေါ်ထွန်းချင်လှသမို့ ..
မပြီးဆုံးသေးတဲ့ တိုက်ပွဲလမ်းကြောင်းတလျှောက်
အစဉ်လျှောက်လှမ်း လျက်ရှိကြောင်း
သင်တို့တွေအား သတင်းပါးရဲ့ ပါးပါရဲ့ ။
ကျုပ်တို့ရဲ့ ကိုယ်ခန္ဓာတွေ
ခြင်းခြင်းနီလှ သွေးအိုင်ကျလဲ
ပေးဆပ်ခဲ့ရ ပေးခဲ့ရငြား
(ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး မရသေးသ၍)
တောင်းတ ဆန္ဒများ မရသေးသ၍
ကျုပ်တို့ရဲ့ ၀ိဥာဉ်
ခွပ်ဒေါင်း အသွင်စိတ်နဲ့ ဆက်လက်ရှင်သန်နေကြောင်း
သင်တို့တွေအား သတင်းပါးရဲ့ ပါးပါရဲ့ ။
ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး အလုံးစုံ ပုံပေါ် တဲ့တနေ့
ကျုပ်တို့ရဲ့ ရုပ်သဏ္ဌာန် ကဒေါင်း အသွင်ရုပ်နဲ့
ဒီမြေ ဒီရေ အရပ်မှာ အလှဒေါင်း အဆင်အကဖြင့်
ကျုပ်တို့ ချစ်သော ပြည်သူအပေါင်းအား
မြူးကြွတဲ့ ဒေါင်းအက အဆင်အပြင်ဖြင့် ဖျော်ဖြေ၍
သွားလိုတဲ့ အထက်ဘုံ ထိုစခန်းဆီသို့
ကျုပ်တို့တတွေ ဆက်ခါ မြန်းလိုပါ၏ မြန်းလို၏ ။ ။
အေးမြဇင် (၈၊၈၊၂၀၀၂)
မတရားသော အုပ်ချုပ်ရေးစနစ်ဆိုးအား ရဲရင့်မွန်မြတ်သောစိတ်ဓါတ်ဖြင့် တပ်ဦးမှနေ၍အသက်စွန့်သွားသော ကျောင်းသူ၊ ကျောင်းသား အကို၊အမ တို့၏ ၀ိဥာဉ်များပူးကပ်ခံစားကာ ရေးဖွဲ့ခဲ့ ပါကြောင်း။
No comments:
Post a Comment