Saturday 12 January 2008

ရန် ငါ သိမှတ် ပြတ်သားမြင်ကြ

ကြိမ်ဖန်မြောက်များ မုသာစကားဆို

လိမ်ညာလှည့်ကွက် ရေတွက် မရနိုင်

အမှန်လည်းမကြံဆ၊ အမှားကိုလည်း ၀န်ချမခံ

အမှားလည်းမပြင်၊ အမှန်ရှိငြှား

ထိုသူ့ လုပ်ရပ် ကောင်းလိမ့်မှတ်မှား

(အာဏာရှင် လုပ်ရပ် ကောင်းလာနိုးမှတ်)

စောင့်စား စောင့်ကြည့် ပြုနေရစ်က

ငါတို့အပြင် အမိုက်လူသား ဘယ်ဝယ်မရှိ သတိပြုအံ့။



ငါတို့တတွေ ပြုမူလုပ်ရပ် အတွေးဓါတ်အား

ထင်ရှားကြည်လင် ပြတ်သားစွာမြင်

ပြည်သူ့ဒုက္ခ စာနာထောက်ရှု

ရှေ့ဆက်လုပ်ငန်း သွားမည့်လမ်းမှာ

တုံ့ကာမဆိုင်း ရင်ဆိုင်လှမ်းကာ

အောင်ပွဲကြငှါန်း ဆိုက်မည်မှတ်ရော့

ပန်းတိုင်ထိုဆီ အရောက်ချီကြ။ (အရောက်ချီအံ့)။

ပန်းတိုင်ထိုဆီ အဆုံးသတ်ချီကြ။ (အဆုံးသတ်ချီအံ့)။

အေးမြဇင်(၁၂၊၁၊၂၀၀၈)

စစ်အာဏာရှင် တစုသည် ၄င်းတို့အစဉ်တစိုက် ရမ်းကားအနိုင်ကျင့်လျက်ရှိသည့် စိတ်ဓါတ်၊ အပြုအမူတို့ကို အလွယ်တကူ ပြောင်းလဲ လိမ့်မည်မဟုတ်ဆိုသည့် အချက်ကို ၂၀၀၇ခုနစ် စက်တင်ဘာလတွင် ငြိမ်းချမ်းရေးအတွက် မေတ္တာပို့သရွတ်ဆို၍ တိုင်းပြည်တွင်းတွင် မှီတင်းနေထိုင်ကြသူအပေါင်း (စစ်သား၊စစ်ဗိုလ်များအပါအ၀င်။၎င်းတို့သည် မိုးကြရွှေကိုယ် တို့မဟုတ်၊ ပြည်သူထဲမှ ပေါက်ဖွါးကြီးပြင်း၍ ဆရာ၊ဆရာမတို့ထံမှ ပညာဗဟုသုတ ရှာမှီးသင်ယူခဲ့ကြသူများဖြစ်သည်။) တို့အား ဘေးအန္တရာယ် အပေါင်းမှ သက်သာလွတ်ငြိမ်းနိုင်ပါစေကြောင်း ရည်ရွယ်သော စိတ်စေတနာကောင်းတို့ကို ရှေ့ရှုလုပ်ဆောင်နေကြသည့် ဗုဒ္ဓသာသနာတော်မြတ်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် သံဃာ၊သီလရှင်အပေါင်းနှင့် မေတ္တာတရားကို ဖြူစင်စွာသောစိတ်ဖြင့် ရဲရင့်တည်ကြည်စွာ ပူးပေါင်းပါဝင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူတို့နှင့် ပြည်သူ၊ ပြည်သားတို့အား လမ်းမ အလယ်တွင် ရိုက်နှက်သတ်ဖြတ်ခြင်းဖြင့် လူမဆန်သော အစွမ်းကုန် ယုတ်မာခြင်းနည်းလမ်းတို့ဖြင့်သာ ပြန်လည်တုန့်ပြန်ခဲ့ပုံကို ကျွန်ုပ်တို့အားလုံး သိမြင်ခဲ့ကြပြီး ဖြစ်သည့်အားလျော်စွာ၊ စစ်အာဏာရှင်စနစ်အောက်တွင် ၄၅နှစ်ကျော် ကြရောက်လျက်ရှိသည့် မြန်မာနိုင်ငံအခြေအနေနှင့် စစ်အာဏာရှင်တို့၏ လုပ်ရပ်၊ လိမ်ညာကောက်ကျစ် မတရားအုပ်စီးပြုမူ အနိုင့်ထက်ကျင့်နေပုံများကို သိနားလည်၍ မတွေမေ၀၀ါးသောစိတ်ဓါတ်အရင်းခံကာ စစ်အာဏာရှင် လူယုတ်မာတို့၏ လိမ်ညာလှည့်ဖြားခြင်းကို လက်သင့်ခံခြင်းလုံးလုံးမပြုပဲ(၀ါ) ကောင်းလာနိုးနိုးနှင့် စောင့်ကြည့်နေခြင်းလုံးလုံးမပြုပဲ မိမိတို့ရှေ့တူရှုသို့ ဆက်လှမ်းရမည့် ပြည်သူတရပ်လုံး လွတ်လပ်ရေးကိုဦးတည်သည့် အပြောအဆိုများနှင့် နည်းလမ်းအကြံအဆ မူဝါဒလမ်းစဉ်များကို တိုးမြှင့်လုပ်ဆောင်ကြပါစို့။
စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်လိုသူအပေါင်းအားလုံးသည် မခိုမကပ်သောစိတ်တို့ကို ဦးရွက်လို့ ကာ မိမိတို့အားလုံး၏ ကိုယ်ပိုင်အခွင့်အရေးနှင့် မျိုးဆက်အပေါင်း၏ ရှေ့အနာဂတ် အခြေခံလွတ်လပ်ခွင့်တို့ အတွက်၊ မိမိတို့ကိုယ်ကို မြန်မာနိုင်ငံဖွား ယဉ်ကျေးသောလူမျိုးပါဟု မရှက်မကြောက် ပြောဝံ့သော သူအပေါင်းဖြစ်နိုင်ရန်အတွက် အစွမ်းကုန်တာဝန်သိစွာ ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့။

No comments: