Tuesday 8 April 2008


ဖွားမေ လူထုဒေါ်အမာသို့ သစ္စာဆို တမ်းတခြင်း

လူထုရှေ့ ဆောင် ဖွားမေအမာ

သွားလေရာ သုဂတိကမ္ဘာဆီသို့

မှန်းစေကာ တို့တွေလှမ်းကာကြည့်

ဖွားမေရဲ့ ပီတိအပြုံးတွေက

သားမြေးတို့ရင်အစုံကို လှုပ်ကာလေနှိုးဆော်

မေတ္တာတရားတွေ မခေါင်းပါးအောင် နေကြနော် တဲ့


သားသမီးတို့တတွေရေ .

ပညာ ဗဟုသုတတွေ(ကို) အစွမ်းကုန် ဆည်းပူးကြနော် တဲ့

သီလတရား ဆောက်တည်ကာ

အမျိုးနဲ့ သာသနာကို စောင့်ထိန်းကာနေကြနော် တဲ့

စည်းလုံးမှ ဖြစ်မှာနော်တဲ့

လိမ္မာစွာ နေရစ်ကြနော် တဲ့

ဖွားမေရဲ့ ဆိုဆုံးမစကား အမြောက်အများ

သားတို့တတွေ အမြဲတမ်း ကြားနာနေလျက်ပါ ဖွားမေ ။


ဟိုးအဝေးရောက် သားသမီးတတွေရေ .

အမေက မင်းတို့တွေကို

အထူးတလည် မှာချင်တယ်ကွဲ့

ချစ်ချစ်ခင်ခင်နဲ့ အကျိုးတူစွာ ပူးပေါင်းလုပ်ကြကွဲ့

အကြင်နာတရားနဲ့ တဦးကိုတဦး ဖေးမကြကွဲ့

အရက်သေစာကို အထူးပင်ရှောင်ရှားကြပါကွဲ့

ဖွားမေရဲ့ ဖြူစင်စွာ မိန့်မှာတမ်း

သားမြေးတို့တွေရဲ့ ရင်အသွေးထဲစိမ့်ရောက်

ဖြန်းကနဲ ဖြန်းကနဲ ကြက်သီးမွေးညင်း ထမိတာ အမှန်ပါ ဖွားမေ ။


ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကာ(ဖြင့်)

သားမြေးတတွေရဲ့ သမိုင်း

ညစ်ပေကာ မထိုင်း မရိုင်းရလေအောင်

ဖွားမေတို့ ရေးခဲ့တဲ့ လွတ်လပ်ရေးသမိုင်းစဉ်လာကဲ့သို့

စစ်အာဏာရှင် စနစ်ယုတ် အခြေခံအားလုံးကို

အမြစ်ပါမကျန် ဆွဲနှုတ်ကာ ချိုးဖျက်ဖို့ရာ

သားမြေးတတွေ စည်းလုံးလို့ အင်အားဖြင့်

ဒုတိယမ္ပိလွတ်လပ်ရေး အောင်ပွဲရသည့်တိုင်

ဝိုင်းဝန်းကာတိုက်ထုတ်မည် လွတ်လပ်သည်အထိ

သစ္စာယှဉ်ကာ ကတိပြုလိုက်ပါ၏ ဖွားမေ လူထုဒေါ်အမာရေ ။ ။

(၈၊၄၊၂၀၀၈)အေးမြဇင်

No comments: