Monday 7 July 2008

သမဂ္ဂစိတ်ထား ပွါးစည်းထားကြ

ကျောင်းဆိုတာ စာသင်သားအပေါင်းရဲ့
ပညာရည်သောက်သုံးရာ ရပ်ဌါနေအမှန်။

စာသင်ကျောင်းသား အကျိုးများဖို့
အတွေးအကြံ ကြီးမြင့်မှန်ဖို့
တဦးသဏ္ဍာန် ရင်းနှီးနာဖို့
မနှေးအမြန် ရိုင်းပင်းကူဖို့
အတွေ့အကြုံ နှီးနှောဖလှယ်ဖို့
ပေါင်းစုဆုံရာ ရှိအပ်အမည်
ကျောင်းသားသမဂ္ဂဌါနေ ဆိုရပေသည်။

ကျောင်းသားသမဂ္ဂ စုစည်းအားဖြင့်
ကိုလိုနီပညာရေး တိုက်ဖျက်ခဲ့ပုံ
ကျောင်းသားအခွင့်အရေး တောင်းဆိုခဲ့ပုံ
အမှတ်ရပါစေ အတိတ်ကိုလေ။

ကျောင်းသားသမဂ္ဂ စုစည်းအားဖြင့်
နယ်ချဲ့ ဖက်ဆစ် တွန်းလှန်ပစ်ရန်
နိုးဆော်လုံ့လ စိုက်ထုတ်ခဲ့ကြ
အမှတ်ရပါစေ အတိတ်ကိုလေ။

ကျောင်းသားသမဂ္ဂ ဥာဏ်စွမ်းအားဖြင့်
စစ်အာဏာရှင် သန္ဓေမပျိုးရန်
ရေးဆို ထောက်ပြ အချက်တကျနှင့်
ပြည်သူတို့ကို အသိဥာဏ်ထင်ဖို့
ဆန့်ကျင်ကြရန် မီးမောင်းထိုးပြ
ရှေ့ ဆောင်လမ်းပြ စွမ်းဆောင်ခဲ့ပုံ
၁၉၆၀ခုနှစ် ၀န်းကျင်တ၀ိုက်
အမှတ်ရပါစေ အတိတ်ကိုလေ။

၁၉၆၂ခု ဇူလိုင် ဆဲဗင်း
ညဥ့်သန်းခေါင် လွန်ခိုက်
သမဂ္ဂဌါနေ မိုင်းခွဲခံရ
စစ်အာဏာရူး ယုတ်မာအထူးကြောင့်
ကျောင်းသားသမဂ္ဂဌါနေ မိုင်းဒဏ်ကြောင့်ကြေမွ
ကျောင်းသူကျောင်းသား ဆုံးပါးကြွေရ
အတိတ်ကိုလေ မေ့လို့မနေနဲ့ မမေ့လေနဲ့။

တိုင်းပြည်ကောင်းကျိုး ရည်ရွယ်ချက်နဲ့
မြင့်မြတ်စိတ်ထား ကျောင်းသူ ကျောင်းသား
အသက်တွေပေးလှူ ၊ ဘ၀တွေစွန့်ခဲ့
ထိုထိုလုပ်ရပ် တန်ဖိုးထားလျက်
သူတို့တတွေကို မေ့လို့မနေနဲ့ မမေ့လေနဲ့။

သတိရရင်း ဦးညွှတ်ခြင်းငှါ
သမဂ္ဂစိတ်ထား ငါတို့ပွါးစည်း
တော်လှန်ရေးတိုက်ပွဲ မပြီးဆုံးသေး
ငါတို့အားလုံး မေ့လို့မနေနဲ့ မမေ့လေနဲ့။

သတိရရင်း ဦးညွှတ်ခြင်းငှါ
သမဂ္ဂစိတ်ထား ငါတို့ပွါးစည်း
အာဏာရှင်တော်လှန်ရေး မပြီးပြတ်သေး
ငါတို့အားလုံး မိန်းမောမနေပဲ
အောင်ပွဲခရီးတိုင်အောင် ရှေ့ ဆက်ပါကွဲ့။
အောင်ပွဲခရီးတိုင်အောင် ရှေ့ ဆက်ပါစို့။
အေးမြဇင်(၇၊၇၊၂၀၀၈)

No comments: