Friday 18 June 2010

အသက်(၆၅)နှစ်မြောက် အမေစုအား ဂုဏ်ပြုလျက် တိုင်တမ်းခြင်း

အမေ
ရေတွင်းရေကန်တွေ ခန်းခြောက်၊
အံ့သြ လောက်အောင် ဒုက္ခတွေကျရောက်နေ ပြည်သူတွေအရေး
အမေပူဆွေးနေလိမ့်မယ်ဆိုတာ
မြေကြီးလက်ခတ်မလွဲ သားမြင်ယောင်နေမိပါတယ်လေ။


အမေ
တိုင်းပြည်ရဲ့ ရောဂါက ရင့်မာ၊
ဒုက္ခသည်ထောင်သောင်းမက ခြံစည်းရိုး တိုးပေါက်မှန်သမျှတိုး
ဘ၀ ဘ၀တွေ ဆိုးပြီးရင်းဆိုးလို့
ဒုက္ခသည်မျိုးရိုးတွေ ဆထက်တပိုး တိုးလို့နေတာ
အမေကြားသိနေရတယ် မဟုတ်လားအမေ။


အမေ
အာဏာရှင်အကြောင်း စာဖွဲ့ ကာ ပြောမလောက်အောင်ပါပဲလေ။
အစွမ်းကုန် ယုတ်မာရက်စက်ဖို့အရေး သူတို့ဝန်မလေးဘူးဆိုတာ၊
တိုင်းပြည်ရဲ့ တနံတလျား စုတ်ချာကာ မွဲပြာကြသွားလျက်ရှိနေတာ
မျက်မြင်ဒိဋ္ဌ အဟုတ်ပါပဲလေ။


အမေ
အမေ့ရဲ့ မွေးနေ့ပွဲ လုပ်ရမယ်ဆိုတဲ့အရေးထက်၊
တိုင်းသူပြည်သားတွေရဲ့ မွေးဖွားအသက်ရှင်ရေး၊
လူတန်းစေ့ နေထိုင်ရပ်တည်နိုင်ဖို့အရေး၊
စနစ်ကောင်းတွေ တည်ထောင်ပေးနိုင်ရေး၊
အများပြည်သူတွေအတွက်အရေး
ထိုအရေး အရေးတွေကို အမေအမြဲတွေးနေမယ်ဆိုတာ
သားမြင်ယောင်နေမိတယ်လေ အမေ။


အမေ
သားရဲ့ မျက်နှာ ရှေ့ တူရှုထား
ပြည်ပတလွှားကအကြောင်း အမေ့ကိုပြောပြချင်ပါကြောင်း အမေ။

အမေ
ဒီမိုကရေစီအရေး အရေးဆိုပြီးတော၊့
ပြည်ပတရိုးဆီမှာ အဆီဝဖြိုးလို့လာသူတွေက
တနေ့တမျိုး မရိုး မအီရအောင၊်
ဒီမိုကရေစီအာဂုံဆောင် လိမ်ညာပုံတွေက
ဗြောင်ကျလွန်းလှသပေါ့။


အမေ
လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးကို ဗန်းပြ
နှစ်ယောက်တဖွဲ့ အဖွဲ့တွေက မှိုလိုပေါက်၊
တိုင်းပြည်ရဲ့ပြင်ပကနေ စိတ်ဘ၀င်တွေကြွ၊
အဖွဲ့ခေါင်းဆောင်ကွ ဆိုပြီး
လိမ်ညာဖြီးသူတွေ ပေါလွန်းလှသပေါ့။


အမေ
ကိုယ်ကျိုးရှာသူတွေက
သူတပါးအကျိုးနာမှာကို ထည့်မတွက်တာ သဘာဝမို့၊
ပေါင်မုန့်လှီးဓါးလိုကျင့်
ကျိတ်ပြီးတော့လှီးလှီးစား၊
အကျင့်ပျက်တရားတွေကြီးထွားလာ
လွှသွားဓါးလို ကျင့်လို့နေကြပြီ အမေ။


အမေ
အမေ စိတ်ညစ်သွားသလားအမေ
အမေ့မွေးနေ့မှာ မင်္ဂလာစကားတွေ အများကြီးပြောနေရမယ့်အချိန်မှာ ၊
တိုင်းပြည်အပြင်မှာ တကယ်ဖြစ်ပွါးနေတဲ့
အရှိတရားအချို့ကို သားပြောပြနေရခြင်းက
အမေ့ကိုတိုင်တမ်းခြင်းလည်း
ဖြစ်ကောင်းပါရဲ့နော် အမေ။
အဘိဇ္ဖျာပွါးနေတာမဟုတ်၊
အတိတ်နဲ့ပစ္စုပ္ပန်တည့်တည့်က အကြောင်း
အမေသိစေကြောင်းရယ်ပါ။


အမေ
တိုင်းပြည်ကစုတ်ချာသထက် စုတ်ချာနေရင်း၊
အမေ့အသက်လည်း ၆၅နှစ်ပြည့်မြောက်လို့လာ
အကျယ်ချုပ်ခံ ဘ၀သက်တမ်း ၁၄နှစ်ကျော်လှမ်းလို့လာနေပြီ ဆိုတာ
သား သတိပြုမိပါတယ်လေ။


အမေ

အဘဦးဝင်းတင်ရဲ့ စကားစု
သားထပ်မံ အတည်ပြုပြောပါရစေ၊
အာဏာရှင်ကို ပလ္လင်ပေါ်က ဆွဲချတဲ့အခါ၊
အဆင်မသင့်ရင် အသက်တောင် ပေးရလိမ့်မတဲ့။
နောက်တက်လာမယ့်လူငယ်မျိုးဆက်တွေကို
လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းအတွက်၊
ဘယ်လမ်းမှန်ကို လျှောက်ရမလဲ ဆိုတာလောက်တော့
စံနမူနာ ပြနိုင်ရမတဲ့။


အမေ
သားနားလည်ပါတယ်အမေ
အမေတို့က ရှေ့ဆောင်လမ်းပြ၊
အမူအကျင့်ကောင်းတွေ ကျင့်ကြံနေခြင်းက
နာမည်ကြီးဖို့အတွက် မဟုတ်ဆိုတာ၊
ဆုတံဆိပ်တွေကို ခုံမင်နေခြင်း မဟုတ်ဆိုတာ၊
အကျဉ်းခံ စံနေရဆဲဘ၀က သက်သေပြနေတာပဲလေ။


အမေရေ
အမေ့ရဲ့ ခြောက်ဆယ့်ငါးနှစ်မြောက်မွေးနေ့
ခြောက်ကပ်စွာဆွေးမြေ့ နေခြင်းတော့ မဟုတ်ရပါဘူး အမေ။

မြန်မာပြည်တွင်းက ပြည်သူတွေနဲ့ ကမ္ဘာ့မြေပေါ်ကပြည်သူတွေက၊
စကြ်ာဝဠာတိုင်းဆီ လျှံအောင် မေတ္တာပို့ဆုတောင်း
အမေစု သက်တော် ရာကျော်တိုင် ရှည်ပါစေကြောင်းနဲ့၊
တိုင်းပြည်ကောင်းကျိုး အမြန်သည်ပိုးနိုင်ပါစေကြောင်းကို
ပေါင်းစု တောင်းဆုတွေ ချွေနေကြောင်းပါ အမေ။
အမေစု သက်ရာကျော်ရှည် ကျန်းမာပါစေကြောင်း၊
အချူပ်အနှောင်မှ အမြန်လွတ်မြောက် ပါစေကြောင်း ဆုတောင်းနေကြပါတယ် အမေ။။။။။။


(အမေ့ရဲ့သား)အေးမြဇင်
၁၈၊၆၊၂၀၁၀


2 comments:

Anonymous said...

ကောင်းတယ်။ကော်ပီကူးပြီး ဟစ်တိုင်မှာ တင်မယ်။

RudolfS_Temple03佑英 said...
This comment has been removed by a blog administrator.