Friday 30 May 2008

၂၀၀၃ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးဟာ ၂၀၀၈ မေ ၃၀ရက်နေ့တွင် (၅)နှစ်တာပြည့်မြောက်ခဲ့ပါပြီ။

မတရားအဖိနှိပ်ခံနေကြရခြင်းဒုက္ခအပေါင်းမှ လွတ်မြောက်စေဖို့ရာဆန္ဒအာဿီသတို့ဖြင့်
ပြည်သူတရပ်လုံး စည်းလုံးစွာရဲရင့်မှုရရှိစေရန်နှင့် အမှန်တရားအတွက် ခေါင်းငုံ့မခံဘူးဟူသော တော်လှန်ရေးစိတ်ဓါတ်များပိုမိုဖြစ်ထွန်းများပြားလာစေရန် ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦးတို့ ဦးဆောင်ပါဝင်သည့် အဖွဲ့သည် နိုင်ငံအနှံ့အပြားသို့မနားတမ်း ခရီးနှင်လျက်ရှိခဲ့သည်။ အဆိုပါခရီးစဉ်အတွင်းတခုသော မုံရွာမှဘုတလင်သို့သွားသည့်လမ်းခရီး ဒီပဲယင်းကျေးရွာအနီးတွင် ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်ယါဉ်တန်းကို နအဖစစ်အာဏာရှင်တို့က ယုတ်မာပက်စက်သောအကြံအစီဖြင့်
အကွက်စေ့စေ့ ကြိုတင်စီမံကာ နိုင်ငံတော်လုပ်ကြံမှုကြီးကို ကျူးလွန်ရင်း လူုအမြောက်အများကို ရိုက်ပုတ် သတ်ဖျက်၍ သက်သေခံ အထောက်အထားများကိုအစဖျောက်ခဲ့ပေသည်။ ကျွန်ုပ်တို့အားလုံးသတိပြုရန်မှာ အာဏာရူးတို့အုပ်စိုးသော ခေတ်အဆက်ဆက်တွင် အသက်ပေါင်းမြောက်များစွာ ပေးဆပ်ခဲ့ရလျက်ရှိနေကြရသည်မှာ ယနေ့ထက်တိုင် ရှိနေပုံကိုပင်ဖြစ်သည်။ သို့ပါသော သတိပြုမိခြင်းများစွာနှင့် အတူ လွတ်လပ်ခြင်း၊ပျော်ရွှင်ခြင်းတို့ဆိတ်သုဉ်းလျက်ရှိသည့် အမိမြေပေါ်တွင် အမှန်တရားထွန်းကားခြင်းနှင့်အတူ အခြေခံမွေးရာပါလူ့အခွင့်အရေးများထွန်းကားပေါ်ပေါက်လာသည့်တိုင်အောင် ၀ိုင်းဝန်းပါဝင်လုပ်ဆောင်ကြရင်း.................................... မလိုလားအပ်သောအတ္တမာနများကိုစွန့်ဖယ်နိုင်ကြရင်း .....................။
ဒီပဲရင်းလုပ်ကြံသတ်ဖြတ်ခံရမှုတွင် အသက်ဆုံးပါးသွားကြရရှာသော အာဇာနည်သူရဲကောင်းအပေါင်းအား ဦးညွှတ်ရင်း ..........
အမှန်တရားပေါ်ထွန်းရေး မြန်မာ့ဒီမိုကရေစီအောင်ပွဲကြီး အနာဂတ်မျိုးဆက်သစ်တို့လက်တွင်းသို့ မလွဲမသေရရှိ၊ရောက်ရှိစေရမည်။

Wednesday 28 May 2008

ကောင်းစွာပြုကျင့်စို့

သဲတပွင့်နဲ့ ရေအရှိန်ကို မသတ်နိုင်စွမ်းပေမဲ့
သဲအပွင့်ပေါင်းတွေစု ရေထုကို အန်တုစွမ်းနိုင်ပေသမို့
မိတ်ဆွေအပေါင်းတို့ရေ သဲအစုစုကဲ့သို့ ခံနိုင်စွမ်းအောင်
စိတ်ဓါတ်မဏ္ဍိုင်ကို အမြင့်မြတ်ဆုံးလွှင့်ထူ
ယုတ်ညံ့အကြံတွေ ထွေးသွန်ကာစွန့်ပစ်
နေ့ရက်အစဉ်အဆက် ကောင်းမွန်စွာပြုကျင့်ကြပါစို့။ ။
amz(6/5/08)

Thursday 22 May 2008

ကမ္ဘာ့နိုင်ငံသားတွေရဲ့ ကမ္ဘာမကြေဘူးဆိုသံ

ကမ္ဘာမကြေဘူး သီချင်း
ငါတို့ဆိုညီး လာတာနှစ်ပေါင်းကြာခဲ့ပေါ့ ။

မြန်မာပြည်ကစစ်အာဏာရှင် စရိုက်
ထင်ရှားစွာ တွေ့မြင်လိုက်ရပြီတဲ့
ကမ္ဘာ့ပြည်သူတွေ ကျယ်လောင်စွာ ပြောကြနေရဲ့ ။

စက်တင်ဘာ အဖြစ်အပျက် ပူနွေးလျက်သာရှိချိန်
မေလဦးစအချိန် နာဂစ်မုန်တိုင်းကြီးက ၀င်ရောက်
မြန်မာပြည်တောင်ပိုင်းတလျောက်လုံးကိုတဲ့မွှေနှောက်
အသေအပျောက် စာရင်းတောင် ကောက်မနိုင်အောင်များပြား
လူတသိန်းကျော် အထက်ရှိမလိမ့်ခန့်မှန်းခြေတဲ့လေ ....
အိုးအိမ်မဲ့ပြည်သူအရေအတွက်စာရင်း
တသန်းခွဲကျော်အထက်မှာရှိနိုင်သတဲ့ ခန့်မှန်းချက်တဲ့လေ ။

ဒုက္ခအကြီးအကျယ်ရောက် ထိုပြည်သူ ပြည်သား
အကူအညီတွေစောင့်စားလို့ မျှော်လင့်ကာနေ
စစ်အာဏာရှင်က ကူညီထောက်ပံ့ရန်ပင်ဝေးစွ
တပါးတိုင်းနိုင်ငံ အကူအထောက်အပံ့ကိုပိတ်ပင်
စစ်အာဏာရှင်သဘောယုတ်မာတဲ့ အဆင်း
ကွက်ကွက်ကွင်းကွင်း ထင်မြင်ကြရပြီလေ ။

အာဏာရှင်လူရမ်းကား တသိုက်က
ငါမာရင်ပြီးရော လူ့အသိစိတ် ခေါင်းပါးနေပုံ(များ)
မုန်တိုင်းဒဏ်ရ ဒုက္ခသည်တွေကို မငဲ့ကွက်
ဖြစ်ချင်ရာသာဖြစ် အာဏာနဲ့သာ မူးယစ်လေမတဲ့လေ ။

ကမ္ဘာ့နိုင်ငံသားတွေ ကြားမြင်ရတဲ့ ထိုအဖြစ်ဆိုး
ငါတို့ကမ္ဘာ မှာရှိနေရိုးအမှန်ဟုတ်ပ
မယုံနိုင်လောက်အောင်ဆိုးရွားတဲ့ အမည်ခံအစိုးရမျိုး
ကိုယ့်ပြည်သူရဲ့ ဘေးဒုက္ခဆိုးကို လျစ်လျှု]ရှုကာ နေနိုင်တဲ့အစိုးရ
ငါတို့ရဲ့ဒီတသက် မျက်မြင်တွေ့ရပြီဟေ့တဲ့
စုတ်သပ်လို့ကာ ခေါင်းခါယမ်း ယုံနိုင်စွမ်းရယ် မရှိဘူးတဲ့လေ။

ကမ္ဘာ့နိုင်ငံဖွားတွေတောင်
ကမ္ဘာမကြေဘူးသီချင်းကို ဆိုညီးလို့တတ်(နေပြီ)
စစ်အာဏာရှင်စနစ်ဆိုး တို့ကမ္ဘာမြေပြင်ပေါ်ကမောင်းထုတ်ကြ
လက်သီးဆုပ်တွေ ဆန့်ထုတ်လို့ ကြွေးကြော်ပါဝင်ရစ်ကြနေပြီလေ။

amz ၈၊၅၊၂၀၀၈

Friday 9 May 2008

"နိုးကြလော့"

ငါတို့ရဲ့အရုဏ်ဦးဆီ သွားဖို့
အားလုံး "နိုး"ကြလော့...
ငါတို့အားလုံး "နိုး" ကြလော့။

အမှန်တရားကိုကာကွယ်ဖို့
အားလုံး"နိုး"ကြလော့...
ငါတို့အားလုံး "နိုး" ကြလော့။

မတရားမှုကိုချေမှုန်းဖို့
အားလုံး"နိုး"ကြလော့...
ငါတို့အားလုံး "နိုး" ကြလော့။

ငါတို့အပေါ် မစာနာ မငဲ့ကွက်မှုတွေအတွက်
အားလုံး"နိုး"ကြလော့...
ငါတို့အားလုံး "နိုး" ကြလော့။

နာဂစ်ရေ မင်းဖြတ်သွားလို့
ငါတို့အားလုံး အထိနာခဲ့သလို အသိလည်းနာခဲ့ကြပြီ
ဒီကမ္ဘာပေါ်မှာ အာဏာရှင်စနစ်ပျက်စီးသွားဖို့
ငါတို့အားလုံးရဲ့အသိတွေ နိုးကြားကြတော့မယ်။
အားလုံး"နိုး"ကြလော့...
ငါတို့အားလုံး "နိုး" ကြလော့။

တိမ်y( may72008)

Monday 5 May 2008



ဒီဇိုင်း ကိုမျိုး