Tuesday 28 August 2007

ချစ်သမီးလေးဆီ

သမီးငယ်

နို့ရည်တိုက်ကျွေး ဤအချိန်မျိုး၌

မေမေ့ ရင်မြတ် နို့ရည်ပြည့်တင်း

တိုက်ကျွေးချင်တယ် သမီးငယ်ရေ။


သမီးငယ်

မျက်လုံးရယ် ဝေ့၀ိုက်ကြည့်တတ်စ

အဖေရယ် အမေရယ် ကိုမှ

ကျင့်သားရအောင် မမှတ်တတ်သေး

ထိုအရွယ်လေးအားဖြင့်

မေမေ့ ရင်သိုက် ထွေးလို့ပိုက်ကာ

ပွေ့ရှိုက်ပေးချင်တယ် သမီးငယ်ရေ။


သမီးငယ်

နို့ချိုတိုက်လို့ ပြီးခိုက်ထိုအချိန်

နို့တွေအံကျ ဂျွတ်ထိုးခိုက်ဝယ်

ပွတ်သပ်သုတ်သင် နှုတ်ခမ်းတခွင်နဲ့

ဖွ၍ဖိပေး ရင်ဘက်လေးအား

မေမေ့ မေတ္တာများဖြင့် ကုစား

နွေးထွေးထားစေချင်တယ် သမီးငယ်ရေ။


သမီးငယ်

မှေး၍အိပ်ခိုက် စွန့်ပြစ်အစာ

ယိုစီး ထွက်ကျ အညစ်ဝတွင်

စိုစိနေပြီး လူးလွန့်နေခိုက်

မေမေ့ လက်ဖ၀ါးများဖြင့် သုတ်ထား

သန့်စင်လို့ကာ သွားစေချင်တယ် သမီးငယ်ရေ။


သမီးငယ်

အချိန်နှင့်အမျှ သမီးအတွက် ဝေရာဝစ္စ

မေမေကပြုပေး ပြုပေးချင်ပါတယ် သမီးငယ်ရေ။


သမီးငယ်ရေ

အနာဂတ် မျိုးဆက်အရေး

အဖေ ကော၊ အမေ ကော တွေး

တိုင်းပြည်ရဲ့ ဘေးဆိုးတွေပျောက်ရန်

ရင်သွေးငယ်သေး သမီးချစ်လေးကိုထား

လူ့အခွင့်အရေး တိုက်ပွဲကြားထဲ

ဦးဆောင်ကာဆင်နွှဲ လို့ဝင်

သမီးနှင့်တိုင်းပြည်မျိုးဆက် သာယာဖို့အရေး

ခဏလေးဝေးကြခြင်း ရယ်ပါ ချစ်သမီးရေ။


သမီးငယ်ရေ

မိခင်ကောင်းစိတ် မေမေ့မှာကိန်းဝပ်

သမီးလေးကို ချစ်တယ်ဆိုတဲ့အမိ

သမီးလေးတချိန် သိမှာပါလေ။ ။

သမီးလေးတချိန် နားလည်မှာပါလေ။ ။



အမိတိုင်းပြည်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်သွားစေရန်နှင့် ပြည်သူ့အနာဂတ်အား ပြည်သူအများ၏ စိတ်စေတနာကောင်းများစွာဖြင့် ၀ိုင်းဝန်းပုံဖော်တည်ဆောက်နိုင်သည့် စနစ်ကောင်းတခု ပေါ်ပေါက်ကာ၊ ပျော်ရွှင်ငြိမ်းချမ်းပြီး သောကအပူ ကင်းဝေးစေသော လူနေမှုစနစ်ကြီး အမြစ်တွယ်တည်မြဲစေရန်အတွက် ဦးစီးဦးရွက်ထမ်းဆောင် နေသူ အမျိုးသမီးများအား အလေးအနက် ဂုဏ်ပြုအပ်ပါသည်။

အထူးသဖြင့်၊ လေးလကျော် ခါစ သမီးငယ်လေးအား ခွဲခွာ၍ ပြည်သူ့အရေးအတွက် တောင်းဆိုလျက်ရှိပြီး ရှောင်တိမ်းလှုပ်ရှားရင်း အိမ်ပြန်ဖို့ရန် အခွင့်မသာသေးသော မနီလာ သိန်း(ကိုဂျင်မီ၏ ဇနီး) အား အထူးပင် လေးစားကြည်ညိုစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

ကိုဂျင်မီနှင့် မနီလာတို့၏ လေးလကျော်စ သမီးဦးလေး ဓါတ်ပုံ(အပေါ်)

အေးမြဇင်(၂၈၊၈၊၂၀၀၇)

Monday 27 August 2007

နှောင်း၍နေပြီမှတ်

လူသားမှန်က

လူသားဆန်လှတဲ့ အပြုအမူ

တို့အများပြည်သူမှာ ရှိမှ

တို့အမျိုးအခြေလှပ တိုးတက်မည်မှတ်။


လူသားမှန်က

လူသားဆန်လှတဲ့ အတွေးအခေါ်

တို့အများပြည်သူမှာ ရှိမှ

တို့အမျိုးအစဉ်အဆက် တိုးတက်မည်မှတ်။


လူသားမှန်က

လူသားဆန်လှတဲ့ အကြံအဆ

တို့အများပြည်သူမှာ ရှိမှ

တို့အမျိုးပြည့်ဝ တိုးတက်မည်မှတ်။


လူသားမဆန်

ယုတ်မာစွာ ပြုမူကြံဆ၊

လူသားမဆန်

မရိုးသားစွာ တွေးခေါ်ကြံဆ၊

ကိုယ်ချင်းရယ် မစာနာပြန်က

သေမင်းရဲ့ ဂယ်ပေါက်ဝ

ရုတ်တရက် ရောက်ရှိချိန်အခိုက်

နောင်တဖွဲ့ မျက်ရည်ခံထိုး

အယူခံတင် လျှောက်လှဲထွက်ဆို

ကျွန်တော့် အလိုက နည်းပါး ပါကြောင်း

ကျွန်တော့် သဘောက ရိုးစင်း ပါကြောင်း

ကျွန်တော့် တမိသားစု ၀မ်းရေး ပါကြောင်း

(အထက်ကခိုင်း၍ လုပ်ခဲ့ရ ပါကြောင်း)

အကြောင်းစုံလင် ပြ၍ တင်လဲ

ထိုချိန်ခါသည် နှောင်း၍နေပြီမှတ်။ ။

အေအမ်ဇက်(၂၃၊ဂ၊၂၀၀၇)

မှတ်ချက်၊ ၊ အာဏာရှင်၏ လက်ကိုင်တုတ်များ နှင့် နိုင်ငံရေးခိုလှုံခွင့် အခွင့်အရေးရယူကာ မိမိ၏အခွင့်အရေးတို့အတွက် အသုံးချလျက်ရှိပြီး ဖြူစင်စွာပေးဆပ်ခဲ့သူ၊ပေးဆပ်နေသူများ၏ ကျေးဇူးတရားကိုမေ့လျော့၍ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ လူသားစိတ်ကင်းမဲ့သောသူများအား အဓိက ရည်ရွယ်ပါကြောင်း။

ကျိန်စာမဟုတ် သစ္စာဓါတ်၏ရောင်ပြန်

မြန်မာပြည်ဖွား

ဒီမိုကရေစီ စံစား အိုလူသားတို့….


သင်တို့ရဲ့ အလိုလောဘ တို့အတွက်

ဒီမိုကရေစီဆိုတဲ့ အရာကို

ကိုယ့် အကျိုးအတွက် ချသုံး

သင်တို့ ပြုံး၍ နေနိုင်ကြတုန်းလား။


သင်တို့ရဲ့ အလိုရမ္မက် ဆန္ဒ တို့အတွက်

ဒီမိုကရေစီဆိုတဲ့ အရာကို

ပါးစပ်ဖျားကလေးမှာတွေ့

သင်တို့ ဘ၀င်ခွေ့ နေနိုင်ကြတုန်းလား။


သင်တို့ရဲ့ လွန်ကဲ အတ္တ တို့အတွက်

ဒီမိုကရေစီဆိုတဲ့ အရာကို

ထုတ်ကုန်တမျှ ယူဆလို့ထင်မြင်

သင်တို့ ငွေရွှင်အောင် အသုံးပြုနေကြတုန်းလား။


သင်တို့ရဲ့ မောဟအားတွေ အတွက်

ဒီမိုကရေစီဆိုတဲ့ အရာကို

ပြက်လုံးတမျှ ရင်ထဲမျှောချ၍မြို

သင်တို့ ရယ်သွမ်း လှောင်ပြောင်နေကြတုန်းလား။


သင်တို့ ပျော်ပါ

တသက်မှာ တခါသေ ကမ္ဘာမြေပေါ်မှာလေ။


သင်တို့ နေပါ

တသက်မှာ တခါသေ ကမ္ဘာမြေပေါ်မှာလေ။


သင်တို့ ရှာပါ….

ဥစ္စာဓန၊ ပညာအလှ

တသက်မှာ တခါသေ ကမ္ဘာမြေပေါ်မှာလေ။


သို့ပေမဲ့

သင်တို့ ကျင့်နိုင်စေ

တသက်မှာ အခါခါ မသေဖို့

အသင်တို့ ဂုဏ်ပုဒ်တွေ။


သင်တို့မှာ လော်မာတဲ့ အတွေး

တခဏလေးမျှ ၀င်လာပါက

ကျုပ်တို့ရဲ့ ရင်ထဲဆန္ဒတွေ ဆီသို့

သင်တို့ သတိရမှုဖြင့် ဖယ်ရှားနိုင်၍

ဘ၀ခရီးတလျောက် ကြီးမြောက်ပါ့စေ။


သင်တို့မှာ လော်မာတဲ့ အတွေး

အချိန်နှင့်အမျှ တွယ်ကပ်ပါက

ကျုပ်တို့ရဲ့ သစ္စာဓာတ်အား ရောင်ပြန်

သင်တို့တတွေ ဒိဋ္ဌ တွေ့ရပြန်၍

ဘ၀ခရီးတလျောက် ပြီးလောက်ပါ့စေ။

(ကျုပ်တို့၊ဆိုသည်မှာ မပြီးဆုံးသေးသည့် ဒီမိုကရေစီအရေးတော်ပုံ တလျောက် အသက်ပေးခဲ့ သူများဖြစ်ကြောင်း) အေအမ်ဇက် (၈၊၈၊၂၀၀၇)



p

Friday 24 August 2007

ငြိမ်းချမ်းရေး မီးရှုးတန်ဆောင် ငါတို့၏ ရဲရင့်သောခေါင်းဆောင် မင်းကိုနိုင်


ကျုပ်တို့ရဲ့ ညီအကို၊ညီအမတွေရဲ့
အသက်တွေ၊ဘ၀တွေကို
လမ်းတွေပေါ်မှာ၊ထောင်
တွေထဲမှာ၊ တောတောင်တွေထဲမှာ
ပေးဆပ်ခဲ့ပြီးပြီ၊ ပေးဆပ်လျက်ရှိနေကြဆဲဖြစ်တယ်။ ကျုပ်တို့
ကို ဘယ်သို့သော ခြိမ်းခြောက်မှုမျိုးမှ ကြောက်မဲ့လူစားမျိုး
မဟုတ်ဖူးဆိုတာကို အဏာပိုင်ပါလို့ဆိုသူတွေ၊ပြည်သူအရေ
ခြုံထားသူတွေ သိစေချင်တယ်။

ကျုပ်တို့ ၈၈မျိုးဆက်တွေက တိုင်းပြည်ဒီမိုကရေစီ စနစ်ထွန်း
ကားရေးနဲ့ ငြိမ်းချမ်းရေး အောင်ပွဲအလံကို ရရှိဖို့ရန်
အတွက် ချောတိုင်အောက်ခြေက နေသူကဲ့သို့ ကျောပြင်နဲ့ ပခုံးတွေကို အနင်းဖြတ်ခံပြီး အနစ်နာခံလို့ကာ ပေးဆပ်သွားပါ့မယ်။
နောင်မျိုးဆက်တွေအတွက် ပြည်သူအားလုံး လက်တွဲညီညာစွာ အောင်ပွဲရရှိသည်အထိ မဆုတ်မနစ် ပူးပေါင်းပါဝင်လို့ အရယူသွားဖို့လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ကိုမင်းကိုနိုင် ၏မိန့်ခွန်းတို့ကို ဆီလျော်သလိုပြန်ရေးသားထားပါကြောင်း။ မူရင်းရှာချိန်မရလို့ တောင်းပန်အပ်ပါသည်။

Monday 20 August 2007

ဂုဏ်ယူလေးစားပါတယ် ၈၈ မျိုးဆက်ကျောင်းသူ၊ကျောင်းသားအပေါင်း ခင်ဗျာ။ ပြည်သူအပေါင်း၏ နိစ္စဓူဝ ဒုက္ခပေါင်းများစွာ ရင်စီး၍ခံစားနေရမှုတို့အား ကိုယ်ချင်းစာနာစိတ်များထားရှိလျက် ရဲရင့်သော သတ္တိနှင့် ခွန်အား တို့ကိုပေးဝေရင်း၊ ပြည်သူအပေါင်း၏ အခြေခံလိုအပ်ချက် များအား မျက်ကွယ်ပြုလျက် လူသားမဆန်သောလုပ်ရပ်နှင့် မကောင်းသော၊အောက်တမ်းကျသော အပြုအမူ တို့ဖြင့် အုပ်ချုပ်သူအစိုးရ အမည်ခံပြီး(မတရားအာဏာ သိမ်းပိုက်ရယူထားသော စစ်ခေါင်းဆောင် တို့အုပ်ချုပ်သည့်) အုပ်စိုးချယ်လှယ်လျက်ရှိသော စနစ်ဆိုးတို့ကို ပျောက်ကွယ် ချုပ်ငြိမ်းသွားသည့်တိုင်အောင် ဦးဆောင်ဦးရွက်ပြုလှုပ်ရှားနေသော ၈၈မျိုးဆက်အကို၊အမများ၏ မွန်မြတ်သော စွမ်းဆောင်မှုများအားလုံး အမြန်ဆုံး ငြိမ်းချမ်းစွာ အောင်မြင်အဆုံးသတ် ရယူနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ပြည်သူအပေါင်းတို့ အားလုံး ငြိမ်းချမ်းစွာလက်တွဲ ပါဝင်ဆန္ဒထုတ်ဖေါ်မှုဖြင့်၊ ပြည်သူတို့အား ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ကာကွယ် ဖြည့်ဆည်းပေးသော စနစ်တို့ဦးစီးသည့် မြန်မာနိုင်ငံတော် ဖြစ်ပေါ်နိုင်စေရမည်၊ ဖြစ်ပေါ်နိုင်စေရမည်။
အမိန့်အာဏာဖြင့် တဖက်သတ် ကြီးစိုးအနိုင်ကျင့်သော စနစ်ဆိုးတို့ လုံးဝချုပ်ငြိမ်းသွားစေရမည်။ လုံးဝပျောက်ကွယ်စေရမည်။
အရေးတော်ပုံ အောင်ရမည်၊ အောင်ရမည်။
အေးမြဇင်

Thursday 16 August 2007

ပန်းတိုင်၏ ရလဒ်


ပန်းတိုင်သို့ မှန်းရည်ရွယ်

မရွဲ့ ၊ မယိုင် စိတ်ခိုင်မာ ထားရင်ဖြင့်

ရောက်ရမည် ဘယ်မလွဲ။


ပန်းတိုင်ကလည်းရှိ သမို့

ဇွဲမာန် တွေ အပြည့် ထည့်ကာချီ

ခရီးလမ်းတလျောက်မှာ

ခက်ထန်လို့ ကြမ်းတမ်း ရင်လည်း

ြဲမဲမြံစွာ တို့လက်တွေ ချိတ်ဆက်

မညီး တမ်း တို့တွေ လှမ်းလျောက်ရင်တော့

ခရီးဆုံး ပန်းတိုင်ဟာ ငါတို့ရဲ့ အောင်ပွဲ။


ပန်းတိုင် ခရီး ဆီသို့

ဆက်လှမ်း ခဲ့သူတို့ အတွက်

ကြီးမြတ်တဲ့ စွမ်းအား ရလဒ်၏ အောင်ပွဲ။


ပန်းတိုင်၏ ခရီးဆုံး တိုင်အောင်

လျှောက်လှမ်း ခဲ့သူတို့ရဲ့

မြင့်မြတ် သော စိတ်ဓါတ် ခွန်အား များနှင့်

ကြည်နူးစွာ ဖေါ်ကျူး ကြတဲ့

ခရီးဆုံး က ထိုပျော်ပွဲ။ ။

အေးမြဇင်(၂၅၊၂၊၂၀၀၇)

ကျွန်တော်တို့ရဲ့ အောင်ပွဲရလဒ်ကို ရရှိ ဆုပ်ကိုင်နိုင်ဖို့ရန် ကျွန်တော်တို့၏ တတ်မြောက်ကျွမ်းကျင်ရာ ကောင်းမြတ်သောလုပ်ငန်း၊ လုပ်ရပ် တို့ကိုအခြေပြု၍ ၀ိုင်းဝန်းထောက်ပံ့နိုင်ခြင်းအားဖြင့် အလုံးစုံညီညွတ်သောအင်အားတို့ကို စုစည်းကာ အရောက်လှမ်းကြပါစို့ ခင်ဗျာ။



မင်းလုပ်ချင်တာအချို့ လုပ်ဖြစ်ခဲ့ပြီး
မင်းလုပ်ချင်တာတွေ မလုပ်နိုင်သေးချိန်မှာ
ဘ၀ဆိုတာကို နားလည်ပါ။

မင်းလုပ်နိုင်တာတွေ လုပ်ခဲ့ပြီး
အကောင်းအဆိုး တို့ကို တွေးမြင်သုံးသပ်လို့
မင်းရဲ့ မွန်မြတ်သော လုပ်ရပ်တို့ကို ပီတိဖြစ်ကာ
ကျေနပ်စွာ ကြည်နူးသောစိတ်ဖြင့်
ဘ၀ ဆိုတာကို ရင်ဆိုင်တိုးဖြတ်ရင်း
ဆက်လက်ရှင်သန် အသက်ရှင်ပါ။

အေးမြဇင်(၂၉၊၀၄၊၀၇)

Sunday 5 August 2007

ဆက်၍လှမ်းမည်

သြော်... သေကြသူတွေ သေကြပေမဲ့
ကြွေကျသူတွေ အဖြစ်
ဖြေမရ သူတို့ ရဲ့ ဖြစ်အင်
တို့တတွေ အစဉ်ဦးညွှတ်ကာဖြင့်
ကြွေသူတွေ မျှော်ရည် ထိုဆန္ဒ
မွန်မြတ်တဲ့ လွတ်လပ်ဖို့အတွေး
သိမ်မွေ့တဲ့ ဒီမိုကရေစီအရေး
ဝန်မလေး ပဲ လက်ဆင့်ကမ်း၍ချီ
လှမ်းဆက်မည် မွန်မြတ်သည့် (ထို)ခရီး။

တို့တတွေ မခိုမကပ် ပါ(၀င်)ရင်ဖြင့်
ရစေ့မယ် ယ္ခုချက်ခြင်း
ှုဤစိတ်မျိုး သွင်းကာပါဝင်
ဘယ်အရှင် နတ်စကားတွေနဲ့
ဘယ်သခင် ကယ်ချိန်ကိုမှ
တွေးမရောင် မျှော်စောင့်ရန်မရှိ
လှမ်းဆက်မည် မွန်မြတ်သည့် (ထို)ခရီး။

တို့တတွေ မလိုလောဘ ဖယ်ကျဉ်
တနွယ်ငင် တို့တွေမျိုးဆက်သစ် အတွက်
လွတ်လပ်စွာ ပျော်နေရစ် ကြစေရန်
စိတ်ဇောသန် ရင်ဆိုင်မည် ဒီအရေး
အဘယ်နေရာ တို့ မရွေး ကာဖြင့်
ဝန်မလေး သောစိတ်တွေ ဦးရွက်
လှမ်းဆက်မည် မွန်မြတ်သည့် (ထို)ခရီး။

အေးမြဇင် (၅၊၈၊၂၀၀၇)
မပြီးဆုံးသေးသော ဒီမိုကရေစီ အရေးတော်ပြုံကီးတွင် အသက်ပေးဆပ်ခဲ့ကြကုန်သော အညတြ ပုဂ္ဂိုလ်အားလုံးအား ဦးညွှတ်ဂုဏ်ပြုရင်း၊
ကြွေကျသွားခဲ့သောသူတို့၏ လိုလားဆန္ဒတို့ကို သတိရမှုနှင့် မိမိကိုယ်တိုင် မမေ့လျှော့သွားစေရန် ရည်ရွယ်ပါ၏။