Friday 20 July 2007

ရင်နစ် စူးစိုက်စွာ ပါဝင်ကြပါစို့



ဇူလိုင်လ ၁၉ ရက်နေ့ မှာ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ ၏ အနှစ်(၆၀)ပြည့်မြောက် အောက်မေ့လွမ်းဆွတ်ခြင်းအထိမ်းအမှတ် အဖြစ် ကျွန်တော် တို့ တိုင်းသူပြည်သား အများစုက မိမိတို့ ရောက်ရှိနေကြတဲ့ နေရပ်အသီးသီးမှနေ၍ ဘာသာရေး ဆုတောင်းမှုများကို ပြုခြင်း ၊ လေးမြတ်စွာ အလေးပြု ခြင်း အစရှိသော ဂုဏ်ပြုထိုက်သော အပြုအမူများကို ပြုမူလုပ်ဆောင် ခဲ့ကြတယ် ဆိုတာကို အားလုံးသတိပြုမိ ကြမှာပေါ့ ။

ကျွန်တော်တို့ နိုင်ငံသား အများစုက မိမိတို့ရဲ့
မွန်မြတ်တဲ့စိတ်ထားနှင့် တာဝန်သိတတ်စွာဖြင့် တိုင်းပြည်အပေါ်မှာ ကိုယ်ကျိုးစွန့်၍ လုပ်ဆောင်ခဲ့သော၊ နယ်ချဲ့ အင်္ဂလိပ် နှင့် ဖက်ဆစ်ဂျပန် တို့ ၏ ကျူးကျော်သိမ်းပိုက်မှု လက်အောက်မှ လွတ်မြောက်အောင်ဆောင်ကျဉ်း ပေးခဲ့သည့် ခေါင်းဆောင်များအား စံနမူနာတင် အတုယူ၍ မမေ့ မလျှော့သွားကြစေဖို့ရန် လုပ်ဆောင်နေကြ ချိန်မှာ ၊တိုင်းပြည်ရဲ့ အုပ်ချုပ်သူအစိုးရအဖြစ် အမည်ခံ ထားသူ စစ်အုပ်စု (နအဖ)က ဘယ့်အတွက်ကြောင့် များ ဖုံးကွယ်ဖို့ အစွမ်းကုန်ကြိုးပမ်း နေကြ ပါသလဲ ။ မိမိတို့ ၏ ကျေးဇူးရှင် များကို ကျေးဇူးကန်း နေကြပုံ မှာ အလွန်ပင် ထင်ရှားပေါ်လွင်လျှက် ရှိကြပေသည် ။

ထိုသို့သော အပြုအမူ လုပ်ရပ်များ ကို အရှက်တရားကင်းမဲ့စွာ ပြုလုပ်နေကြသူများ မှ တိုင်းပြည်(သူတို့အခေါ် နိုင်ငံတော်) ကို စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံအဖြစ် ဖော်ဆောင်နေပါကြောင်း ပြောကြားနေပုံ မှာ မည်သို့မှ ယုံကြည်နိုင်ဖွယ် မရှိကြောင်း သိသာထင်ရှားလှပေသည် ။ တိုင်းပြည်၏ အနာဂတ် အုပ်ချုပ်ရေး ရ န္တရား တွင် စစ်တပ်မှ ဦးဆောင်မှု ရှိမှ တိုင်းပြည်အေးချမ်းမည် ဖြစ်ကြောင်း တို့ကို ပြောဆို ၍ တပ်မတော်မှ ရာနှုန်းပြည့် နီးပါး ပါဝင် နိုင်ဖို့ ရန် အခြေခံ ဥပဒေ ရေးဆွဲ အတည်ပြုနိုင်ဖို့ အတွက် အမည်ခံ အမျိုးသားညီလာခံ ကို ပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်း(၁၃)နှစ်ကျော် လာပြီဖြစ်သော်ငြား ယနေ့ထိ တိုင်အောင် အဆုံးမသတ်နိုင်သေး ပုံကို တွေ့ရှိရမည်ဖြစ်သည် ။

ပြည်သူအများအား ဆန့်ကျင် ၍ ပြည်သူ့ ကိုယ်စားလှယ်များ မပါရှိသော ညီလာခံ မှ ထွက်ပေါ်လာမည့် အခြေခံ ဥပဒေ မူကြမ်း ကို တလကျော် တွင် ထွက်ရှိ လာတော့ မည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီး ဆိုသူက ပြောကြားလာခဲ့ပြန်ပေသည် ။ ပြည်ပအားကိုး ပုဆိန်ရိုးများ အား ဆန့်ကျင်ကြ ၊ ကမ္ဘာ့ အင်အားကြီးနိုင်ငံ များဖြစ်သည့် အမေရိကန် နှင့် အနောက်နိုင်ငံ များတို့ က နေ၍ မိမိတို့ ၏ နိုင်ငံကို ခေတ်သစ်ကျွန်ဖြစ် ဖို့ရန် အမျိုးမျိုးကြံဆောင် နေကြမှုကို ရှုံ့ ချပါ၏ ၊ပြည်သူအများမှ နေ၍ ပြတ်ပြတ်သားသားဆန့်ကျင်ကာ နိုင်ငံကြီးများ၏ ဗိုလ်ကျစိုးမိုးမှု တွေမဖြစ်ပေါ် လာရလေအောင် ၀ိုင်းဝန်း လုပ်ဆောင်ကြရန်လိုအပ်ကြောင်း အစရှိသည့် စကားရပ်များကို အခါအခွင့် သင့်တိုင်း ထပ်ခါတလဲလဲ ပြောကြားလျှက် ရှိသည့် အမျိုးချစ်သယောင် ဟန်ဆောင်နေကြသည့် စစ်ဗိုလ်ချုပ်တို့ ၏ အတွင်းစိတ်ပုတ် စိတ်ယုတ် တို့ကို တွေ့ရပြန်ပါသည် ။

ယခုတဖန် တိုင်းပြည်ရှိ ပြည်သူလူထု နှင့် ကမ္ဘာ့ နိုင်ငံ အများစုကို တနည်းတဖုံဖြင့် လိမ်လည်ဖို့ရန် အတွက် နည်းလမ်းတခု သုံးလာပြန်ပေသည်မှာ အမေရိကန် အမှုးပြုသော နိုင်ငံကြီးများမှ မိမိတို့ စစ်အစိုးရ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် ဖို့ရန် လက်ကမ်းကြိုဆိုဖိတ်ခေါ် ပါကြောင်း ပြောဆိုလာသည် ကို တွေ့ရှိ ကြရပြန်ပေသည် ။ ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံရေးလှုပ်ရှားသူများကို အကျဉ်းချ ၍ ပြန်ပေးဆွဲ ထားကာ နိုင်ငံတကာနှင့် အပေးအယူပြုလုပ်မှုကို လုပ်ဆောင်ခဲ့သည်မှာ အကြိမ်အရေအတွက် များလှ ပေပြီ ။ တိုင်းပြည်အတွင်းမှ ပြည်သူ့ကိုယ်စားလှယ် များနှင့် တိုင်းရင်းသားအသိအမှတ်ပြု ခေါင်းဆောင်အသီးသီး တို့ ပါဝင်၍ သုံးပွင့်ဆိုင် အကြိုဆွေးနွေးမှု များဖြင့် စတင်ကာ ပြောင်းလဲပြုပြင်မှုအဆင့်ဆင့်ကို သတ်မှတ်ဖို့ရန်အတွက် ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းများ ၊ပြည်ပနိုင်ငံ အသီးသီး နှင့်တကွ ကမ္ဘာ့ကုလသမဂ္ဂ တို့မှ အကြံပြု ပြောကြားနေမှု များကို မျက်ကွယ်ပြုလျှက် လမ်းလွှဲပြောဆိုလာခြင်းကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်၏ ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲဖို့ရန်အတွက် မည်သို့သော ဆန္ဒမျှ မရှိပုံမှာ သိသာထင်ရှားလှပေသည် ။

ထိုသို့သော အမျိုးမျိုးလိမ်လည်လှည့်ဖြားလျှက်ရှိသည့် နအဖစစ်အုပ်စု ၏ ပြောဆိုလုပ်ဆောင်နေမှုများ နောက်သို့ လိုက်ရင်း ဖြေရှင်း အဖြေရှာမှုများကို ကျော်လွန်၍ စဉ်းစားလုပ်ဆောင်ခြင်းများကို စုစည်းအားဖြင့်လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်မှုများ ပိုမိုပြုလုပ်ကြ ရင်ဖြင့် ကျွန်တော်တို့အများစု ရရှိလိုချင်သော ဒီမိုကရေစီနိုင်ငံတော် ကိုဖြင့် အမြန်မနှေး ရောက်ရှိမှာဖြစ်ပါကြောင်း။


ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားများနှင့် တကွ၊ မြန်မာနိုင်ငံတွင်းနေထိုင်ခဲ့ဖူးသည့် ပြည်ပရောက် မြန်မာပြည်ဖွားအပေါင်း တို့မှ မိမိတို့ တတ်စွမ်းသည့် အခန်း ဂဏ္ဌ အသီးသီးမှ နေ၍ ဒီမိုကရေစီစနစ် ထွန်းကား တိုးတက်သည့် မြန်မာနိုင်ငံ တခုဖြစ်ထွန်းပေါ်ပေါက်သည်အထိ တိုင်အောင် ရင်နစ် စူးစိုက်စွာ ပါဝင်ကြပါစို့ ။


No comments: