Tuesday 17 July 2007

အမှတ်ရမိသည့်ငယ်စဉ်တုန်းဆီက အာဇာနည်နေ့ နေ့ရက်များဆီသို့

၁၉၈၀ ပြည့် စွန်းစွန်းလောက်ဆီကပေါ့။ အာဇာနည်နေ့ ဇူလိုင် ၁၉ရက် မတိုင်ခင်ဆယ်ရက်လောက် အချိန်ထဲကိုက သတင်းစာတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် မိန့်ခွန်း ကောက်နုတ်ချက် တို့ က နေ့စဉ် ရှေ့
မျက်နှာစာမှာ ထည့်သွင်းပါရှိမှုနှင့်အတူ ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား တို့တွင် အာဇာနည်နေ့နှင့် ဆက်စပ်လျှက်ရှိသည့် သီချင်းများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိတို့ကို နေ့စဉ်တိုင်း တွေ့မြင် ကြားသိ ရင်း အာဇာနည် ဆိုသည့် အဓိပ္ပါယ် နှင့် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ ကို အာဇာနည်နေ့ အဖြစ် သတ်မှတ် ဖြစ်ပေါ် လာပုံ တို့ကို အဖွား၊ အဖေနှင့် အမေ တို့ဆီကပါ နာယူသိရှိ ရင်း စတင် ရင်းနှီး ခဲ့ရပေါ့ ။

ထိုကာလအချိန်ကိုရောက်တိုင်း အဖွားပြောပြ ဖူးတဲ့ အာဇာနည်နေ့ အဖြစ်အပျက် ပုံရိပ် တွေနဲ့ သူတို့မိသားစု နှင့်တကွ တတိုင်းပြည်လုံး ဆွေးနစ်စွာ ခံစားခဲ့ရပုံကြောင်း တွေကို နားထောင်ရတိုင်း မျက်ရေတွေလည်ခဲ့၊ ကြက်သီး မွှေးညင်း တွေထ ခဲ့ရပေါ့။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင် များ လုပ်ကြံသတ်ဖြတ်ခံ ရလိုက်ပြီ ဆိုတဲ့ သတင်း ကို ကျွန်တော်တို့ရဲ့ ဦးလေး အလတ်(ဘဘလေး)က ပြောရင်း ချုးံပွဲချငို တော့၊ အဖွား က ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်ပြီး သူ့သား ကို ၊ဟဲ့ခလေး (၁၁နှစ်ဝင်းကျင် အရွယ်) နင်ဘယ်က မဟုတ်မဟပ် သတင်းဆိုးတွေသယ်လာရ သတုန်း၊ ဗိုလ်ချုပ် တို့ကို တတိုင်းပြည်လုံးက ချစ်ကြတဲ့ ဟာကို၊ ဆိုတုန်း အချိန်ခဏလေးမှာတင် အပြင်လမ်းမတွေပေါ်မှာ လူတိုင်းက ဗိုလ်ချုပ်တို့ကို ၀န်ကြီးများရုံး ထဲမှာ လုပ်ကြံခံလိုက်ရပြီ ဆိုပြီး အော်၍ ငိုသူတွေက ငိုကြ ၊ တောက်ခေါက်ခါ အံကျိတ်သူတွေက အံတကျိတ်ကျိတ်၊ တအုံနွေးနွေး ခံစားကာ တီးတိုးပြောဆိုသူ ဆိုကြနဲ့ အတော့် ကို ကြေကွဲရပုံ အကြောင်းကို ကြားသိရတိုင်း ကိုယ်ကိုတိုင် ထိုအချိန်အခါဆီသို့ ရောက်ရှိသွား သလိုခံစားရမိပြီး အာဇာနည် တွေကို ဂုဏ်ယူလေးစား မိတဲ့စိတ်တွေက ပိုမိုဖြစ်ပေါ်လာ ခဲ့ရပါတော့တယ်။
အလွမ်းမျက်ရည် တွေ တဖြိုင်ဖြိုင် သွန်ချ ၊ အဖိုးမဖြတ်နိုင်တဲ့ အာဇာနည်တွေ ဇီဝိန်ကြွေကျ ၊ ထိုနေ့ အခါသမယ ရောက်လေတိုင်း ၊ အဘယ်သို့လေ မေ့နိုင်စွမ်းပေဘူး ၊ အာဇာနည် ဗိုလ်အောင်ဆန်း နှင့် အဖွဲ့ ကို ရည်စူးကာဖြင့် ၊ တို့မြန်မာ ပြည်သူ ပြည်သားတွေက တောင်းဆုတွေ နဲ့ ကောင်းမှုတွေ ထုံမွှမ်းကာ၊ အာဇာနည်ဂုဏ်ပုဒ် တွေကို ရေရွတ်လို့သာ တမ်းတရင်း ။ ။

No comments: