ဝိုင်းဝန်းလုပ်ဆောင် တော်လှန်ကြလော့
သွေးညှီနံ့မပြယ် တို့ရပ်မြေအနှံ့
ရှုခဲ့ထိုလေ ရှိုက်ခဲ့ဝင်သက်
အမှတ်ရှိလျက် သတိချပ်လော့။
ချက်မြှုပ်ဌာနေ မွေးရပ်မြေမှ
မတရားမှု ဖြစ်စဉ်ဆိုးအား
သင်၊ငါ သိလျက် ရှောင်ဖယ် မထွက်နဲ့
ထိုဤအမှုများ နောက်နောင် မပွါးရန်
ဝိုင်းဝန်းဖော်ထုတ် ဖော်ထုတ်ကြလော့။
လူယုတ်မာတွေ အုပ်စိုးလို့နေ
သူခိုး၊ဒမြ နေရာရလျက်
မကောင်းမှုအဖုံဖုံ တွေ့ကြုံရပြီး
အနိဋ္ဌာရုံ မြင်ကွင်းစုံအား
သင်၊ငါ တွေ့လျက် ရှောင်ဖယ်မထွက်နဲ့
ထိုဖြစ်အင်များ ပျောက်ကွယ်သွားရန်
ဝိုင်းဝန်းတိုက်ထုတ် တိုက်ထုတ်ကြလော့။
တို့တွေအများ မြင့်မြတ်စိတ်ထား
တာဝန်သိကြ၊ နိုးကြား စိတ်ဖြင့်
ရှေ့ဆောင်ဦးရွက် နိုင်ငံ့အတွက်
ထားရှိစိတ်ဆောင် မျိုးဂုဏ်ရောင်အတွက်
အဓမ္မ၀ါဒီ စနစ်ယုတ်နှင့်
ရေပေါ်ဆီလွှာ လူတအုပ်အား
တို့ရပ်မြေတွင် မရှိအပ်(ကြ)စေဖို့
ဝိုင်းဝန်းလုပ်ဆောင် လုပ်ဆောင်ကြလော့။ ။
ဝိုင်းဝန်းတော်လှန် တော်လှန်ကြလော့။ ။ ။
အေးမြဇင်(၂၆၊၁၁၊၂၀၀၇)
Tuesday, 27 November 2007
Posted by
Zin+Aye's peaceful square
at
10:40
Subscribe to:
Post Comments (Atom)
No comments:
Post a Comment