Friday 14 September 2007

အမိမြေသို့ သစ္စာအမှန် ဆိုကာတိုင်၏


အို အမိမြေ .

မတရားသော အမှုပွေစုံ

တနပ်စားဆိုတဲ့ ဥာဏ်ကုန်သော

အထို ဒုစရိုက် ပြုသူတို့အား

ကျွန်ုပ်တို့ မြေပေါ်မှ ဖယ်ထုတ်နိုင်စေ

သစ္စာအမှန် ဆိုကာတိုင်၏။


အို အမိမြေ ..

ဒီမြေပေါ်တွင် ပျော်ရွှင်စွာသော

လူ့စွမ်းအား ပုံရိပ်တွေလှုပ်ရှား

မွန်မြတ်လုပ်အားတို့ဖြင့် ရှင်သန်ချိန်အထိ

ကျွန်ုပ်တို့ရဲ့ အားအင်တွေနဲ့ ဆောင်ကြဉ်းကာ

အမိုက်မှောင်ဟူသ၍ ခွင်း နိုင်စေ

သစ္စာအမှန် ဆိုကာတိုင်၏။


အို အမိမြေ ..

စာသင်ကျောင်းတွေရဲ့ ခေါင်းလောင်းသံ

ချိုသာစွာ ကြားရပြန်ချိန် တိုင်အောင်၊

စာသင်သားတို့ရဲ့ စူးရှဥာဏ်ဖြင့်

လောကအကျိုး ဆောင်နိုင်ချိန် တိုင်အောင်

ကျွန်ုပ်တို့ရဲ့  အားအင်တွေနဲ့ ဆောင်ကြဉ်းကာ

ပညာ့ အလင်း ဆောင် နိုင်စေ

သစ္စာအမှန် ဆိုကာတိုင်၏။


အို အမိမြေ .

စေတီ ကျောင်းတိုက်များဆီမှ ဆည်းလည်းသံ

နားဝင်မှန်စွာ ကြားရပြန်ချိန် တိုင်အောင်၊

စေတနာ ထက်လှ လှူဒါန်းကြကာ

မျှဝေ သာဓု ခေါ်လို့ပြုနိုင်ချိန် တိုင်အောင်၊

ဘာသာခြားတတွေ ညီမျှစေလျက်

လွတ်လပ်စွာ ကိုးကွယ်နိုင်ချိန် တိုင်အောင်

ကျွန်ုပ်တို့ရဲ့  အားအင်တွေနဲ့ ဆောင်ကြဉ်းကာ

မေတ္တာ ပေးဝေ မျှ နိုင်စေ

သစ္စာအမှန် ဆိုကာတိုင်၏။


ကျွန်ုပ်တို့၏ သစ္စာသည်ကား ...

အမိမြေအတွက် ဖြူစင်စွာထမ်းရွက်

မွန်မြတ်စွာ ပေးဆပ်ခဲ့သော

ရဟန်း၊ ပြည်သူ၊ ကျောင်းသား များစွာ

မတရားပြုကျင့်ခံရ သွေး မြေခကြ၊

စစ်အာဏာရှင် လူ့စိတ်မ၀င် စနစ်ဆိုးကြောင့်

ဟုတ်မှန်လေက၊

အောင်ပွဲထိုဆီ

ရ ရစေမည့်

တိုင်တည်ပြု၏။ ။

အေးမြဇင်(၁၄၊၉၊၂၀၀၇)

၈၈ မျိုးဆက်များ နှင့် တိုင်းပြည်အကျိုးအတွက် မဆုတ်မနစ်သောဇွဲ၊လုံ့လတို့ဖြင့် အာဏာရှင် စနစ်အား တွန်းလှန်နေသူအားလုံး၏ ကိုယ်စား

သစ္စာတိုင်ကာ ရေးဖွဲ့ ဂုဏ်ပြုအပ်ပါသည်။

No comments: