Friday 21 September 2007


သာသသနာ့ အာဇာနည်ရဟန်းတော် အပေါင်းအား ရိုသေမြတ်နိုးလှစွာဖြင့် လက်ဆယ်ဖြာ ဦးထိပ်မိုး၍ နှလုံးသည်းပွတ်ထဲမှ လှိုက်လှဲစွာဖြင့် ဦးချကန်တော့အပ်ပါ၏ အရှင်ဘုရား။

Monday 17 September 2007

အလွန်ပင် ကြည်နူးကျေနပ်လှစွာဖြင့် သာသနာဖျက်နေသော တပ်မတော် ခေါင်းဆောင်ဆိုသူနှစ်ဦးနှင့် နောက်လိုက်နောက်ပါ အလိုတော်ရိအပေါင်းအား ဆန့်ကျင်တိုက်ထုတ်ကာ အောင်ပွဲအရယူကြ။


တိုင်းပြည်အာဏာကို ရဟန်းရှင်များ၊ပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများ၏ အသက်ပေါင်းမြောက်များစွာအား သတ်ဖြတ်၍ မတရားသောနည်း၊ ကောက်ကျစ်ယုတ်မာသောနည်းလမ်းပေါင်းစုံဖြင့် စစ်အာဏာသိမ်းခဲ့သည်မှာ ၁၈၊၉၊၂၀၀၇ တွင် နှစ်ပေါင်းအားဖြင့် (၁၉)နှစ်ပြည့်မြောက်ခဲ့လေပြီ။ စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း အာဏာကိုအလွန့်အကျွံ သုံးစွဲ၍ အစွမ်းကုန်မိုက်ဇာတ်ခင်းနေကြပေပြီဆိုတာကို ပိုမိုထင်ရှားလာပုံ အချက်အား ရဟန်းတော်များ၏ ပတ္တနိကုဇ္ဖနကံဆောင်ခြင်းအမှုမှ သက်သေပြသည့်အနေဖြင့် ယနေ့မှစတင်ပြုလုပ်ကာ တိုင်းပြည်ရှိပြည်သူလူထုနှင့် သံဃာတော်များကို နှိပ်စက်လျက်ရှိနေသူအပေါင်းအား ဆန့်ုကျင်သော လုပ်ရပ်ဖြင့် အာဏာရှင်စနစ်အမြန်ဆုံး အဆုံးသတ်ရေးဆီသို့ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့။

Friday 14 September 2007

အမိမြေသို့ သစ္စာအမှန် ဆိုကာတိုင်၏


အို အမိမြေ .

မတရားသော အမှုပွေစုံ

တနပ်စားဆိုတဲ့ ဥာဏ်ကုန်သော

အထို ဒုစရိုက် ပြုသူတို့အား

ကျွန်ုပ်တို့ မြေပေါ်မှ ဖယ်ထုတ်နိုင်စေ

သစ္စာအမှန် ဆိုကာတိုင်၏။


အို အမိမြေ ..

ဒီမြေပေါ်တွင် ပျော်ရွှင်စွာသော

လူ့စွမ်းအား ပုံရိပ်တွေလှုပ်ရှား

မွန်မြတ်လုပ်အားတို့ဖြင့် ရှင်သန်ချိန်အထိ

ကျွန်ုပ်တို့ရဲ့ အားအင်တွေနဲ့ ဆောင်ကြဉ်းကာ

အမိုက်မှောင်ဟူသ၍ ခွင်း နိုင်စေ

သစ္စာအမှန် ဆိုကာတိုင်၏။


အို အမိမြေ ..

စာသင်ကျောင်းတွေရဲ့ ခေါင်းလောင်းသံ

ချိုသာစွာ ကြားရပြန်ချိန် တိုင်အောင်၊

စာသင်သားတို့ရဲ့ စူးရှဥာဏ်ဖြင့်

လောကအကျိုး ဆောင်နိုင်ချိန် တိုင်အောင်

ကျွန်ုပ်တို့ရဲ့  အားအင်တွေနဲ့ ဆောင်ကြဉ်းကာ

ပညာ့ အလင်း ဆောင် နိုင်စေ

သစ္စာအမှန် ဆိုကာတိုင်၏။


အို အမိမြေ .

စေတီ ကျောင်းတိုက်များဆီမှ ဆည်းလည်းသံ

နားဝင်မှန်စွာ ကြားရပြန်ချိန် တိုင်အောင်၊

စေတနာ ထက်လှ လှူဒါန်းကြကာ

မျှဝေ သာဓု ခေါ်လို့ပြုနိုင်ချိန် တိုင်အောင်၊

ဘာသာခြားတတွေ ညီမျှစေလျက်

လွတ်လပ်စွာ ကိုးကွယ်နိုင်ချိန် တိုင်အောင်

ကျွန်ုပ်တို့ရဲ့  အားအင်တွေနဲ့ ဆောင်ကြဉ်းကာ

မေတ္တာ ပေးဝေ မျှ နိုင်စေ

သစ္စာအမှန် ဆိုကာတိုင်၏။


ကျွန်ုပ်တို့၏ သစ္စာသည်ကား ...

အမိမြေအတွက် ဖြူစင်စွာထမ်းရွက်

မွန်မြတ်စွာ ပေးဆပ်ခဲ့သော

ရဟန်း၊ ပြည်သူ၊ ကျောင်းသား များစွာ

မတရားပြုကျင့်ခံရ သွေး မြေခကြ၊

စစ်အာဏာရှင် လူ့စိတ်မ၀င် စနစ်ဆိုးကြောင့်

ဟုတ်မှန်လေက၊

အောင်ပွဲထိုဆီ

ရ ရစေမည့်

တိုင်တည်ပြု၏။ ။

အေးမြဇင်(၁၄၊၉၊၂၀၀၇)

၈၈ မျိုးဆက်များ နှင့် တိုင်းပြည်အကျိုးအတွက် မဆုတ်မနစ်သောဇွဲ၊လုံ့လတို့ဖြင့် အာဏာရှင် စနစ်အား တွန်းလှန်နေသူအားလုံး၏ ကိုယ်စား

သစ္စာတိုင်ကာ ရေးဖွဲ့ ဂုဏ်ပြုအပ်ပါသည်။

Thursday 6 September 2007

တိုက်ပွဲရှိခိုက် ရှောင်လွှဲ မလိုက်နဲ့


ဘုရားသားတော်တွေကို မတရားပြုကျင့်

မယုံလောက်စရာ တုန်လှုပ်ဖွယ် ကြားသိ

သာသနာပိုင်ဆရာတော်တို့ ရပ်ကြည့်ကာ နေအုံးမှာလား။

တို့အားလုံး ရပ်ကြည့်ကာ နေအုံး မှာလား။


တရိစ္ဆာန်တမျှ ပြုမူဆက်ဆံ

ကြိုးကွင်းတွေပြစ်လွှား ဖမ်းဆီးပုံအား

တွေးကာလေ မြင်ကြည့်

သာသနာ ရေတိမ်နစ်ပုံ

သာသနာပိုင်ဆရာတော်တို့ ရပ်ကြည့်ကာ နေအုံးမှာလား။

တို့အားလုံး ရပ်ကြည့်ကာနေအုံး မှာလား။


သားသတ်ရုံတမျှ မူကျင့်

ရဟန်းသံဃာတော်မြတ်တို့အား

လမ်းဘေးတနံတလျား တုတ်နှောင်

နှိပ်စက်လို့ ရိုက်နှက်ပုံ

အာရုံထဲတွင် ထင်ကြည့်

သာသနာပိုင်ဆရာတော်တို့ ဘယ်အချိန်အထိ စောင့်ကြည့်ကာ နေအုံးမလဲ။

တို့အားလုံး ဘယ်အချိန်အထိ စောင့်ကြည့်နေအုံး မလဲ။


အများသူငါ ဒုက္ခတွေ့နေ

ငါ့ဆီမလာ မထိခပ်သေး

အမြင်သေးသေးနဲ့ တွေးမြင်

ဘေးချော်ကာ ရှောင်ထွက်

ချောင်ကပ်ကာ နေမယ်အုံးလား။


(အခြားဘာညာ တွေးကာလေမနေနဲ့)

အများသူငါ ဒုက္ခကိုတွေး

ကိုယ်ချင်းစာ ပေးက

ငါ့တပိုင် တာဝန်

တနိုင်ဖြစ်ဖြစ် စတင်

ပါလို့ကာ ၀င်နစ်

စောင့်ကြည့်သည့် ဖြစ်အင်ကိုပယ်

တို့အားလုံး ထိရောက်စွာ ပါဝင်ရစ်ကြ။


မီးဆိုတာ မလောင်ခင်တား

မင်းဘေးရန် မြင်ချိန်မှာ တိုက်ထုတ်

ဝိုင်းလုပ်မှ အောင်မြင်မယ် ထိုဘေးဆိုး

တွေးတွေး၍ တိုးကာပါဝင်

တို့အားလုံး အနာဂါတ်အရေး

အမြဲပင် ရင်အေးစေရန် ထိရောက်စွာ ပါဝင်ရစ်စို့။


ဗုဒ္ဒ၏ အဆုံးအမ မျက်ကွယ်ပြု

သာသနာရဲ့ သားတော်မြတ်အား

အကြမ်းဖက်လို့် သတ်ဖြတ်ဝံ့က

ပြည်သူပြည်သား တို့ တတွေအား

ဘယ်သို့ကာ ဆက်ဆံသွားမလိမ့်

တို့ကိုယ်တိုင် တွေးစိမ့်ရင်ဖြင့်……..

ကဲ.မြန်ပြည်ဖွားတို့ရေ

တိုက်ပွဲရှိခိုက် ရှောင်လွှဲ မလိုက်နဲ့…….

(စီးဆင်းမြစ်ရေ ချိုးလို့ နှစ်ကြိမ် ရသည့်ထုံးအား မရှိငြှားပြီ)။

အေးမြဇင် (၅၊၉၊၂၀၀၇)

လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်ရေး တိုက်ပွဲ အဆုံးသတ်အောင်မြင်နိုင်စေရမည်။

Monday 3 September 2007

ညီလာခံ မြေမြှုပ်ခြင်း


သြော် တိုင်းပြည်အကျိုးအတွက်တဲ့......

လူသတ်ကာ တရားဝင် ခိုးဆိုး
စစ်ဗိုလ်ချုပ်ဆိုတဲ့ လူလိမ်တတွေက
စစ်မှန်တဲ့ အခြေခံ ဥပဒေများပေါ်ဖို့ တဲ့
နှစ်တွေအဖန်ဖန် ကြာအောင်ရေးဆွဲ
အနှစ်သဏ္ဍ်ါန် သဘောကဖြင့်
ပြည်သူ့အာဏာ လုယူဖို့ ရည်ရွယ်။

စစ်ဝတ် အရေခြုံ အာဏာရူးတစုက
ဒီမိုကရေစီ ဆိုတဲ့ အရာဟာဖြင့်
(ပြည်သူနှင့် မတန်သေးသမို့)
နိုင်ငံ့ သာသနာ ပျက်သုဉ်းမှာ စိုးသတဲ့
ဗုဒ္ဓ ဘုန်းတော်ကြီးတွေကိုလျှောက်တင်
နောက်ကွယ်မှာ အကြံကြီးကြီးပြုလို့
ဘာသာ သာသနာ ခုတုံးလုပ်လျက်
ပြည်သူ့အာဏာ ခိုးဖို့ ရည်ရွယ်။

ဒီမှာ ...
လိမ်ချက်မှာ တမူထူးချွန်တဲ့
(စစ်ဘုရင် မင်းတျားကြီး သန်းရွှေ က)
စစ်အာဏာရူးသူ တစ်စုက
ညီလာခံ အနာဟောင်းကိုကုစား
သမားတော်ဟန် ဟန်ပန်လုပ်
တပည့်ကျော် အပေါင်းနဲ့ မန်းမှုတ်
ညီလာခံ ထိုအနာထုပ်။
ဒီမှာ .... သူ့အနာ သူမန်းလို့
ရောင်ရမ်းကာ ပုတ်ဆော်နံ
အဟုတ်ပေါ် ပြီ မဿတီ ထိုအနံ့။

ဟေ့ ..
အာဏာရူးသူတစု
ညီလာခံ အသုဘရှုဖို့
တို့ပြည်သူ စုစည်းကာ
ချီလာပြီ စည်းလုံးသည့်အင်အား။

ဟေ့ ...
အာဏာရှင် လူတစု
ညီလာခံ ထိုအတုကို
အသက်သွင်းရန် မကြိုးစားနဲ့
လူထုတွေ မဟာအင်အားကြောင့်
ကိုယ့်မသာစင် ကိုယ်ဆောက်သလိုပ

ဖြစ်မှာပေ တွေးကာလေထောက်စ။

ဟေ့ .... အာဏာရူးနောက်လိုက်တွေ
ညီလာခံ မြေချချိန်မှ
ဖုတ်ခါကာ ရူးချင်ယောင် မဆောင်လေနဲ့
သမိုင်းတရားခံ စာရင်းမှာ ပါစေ့မကွဲ့။

ဟေ့ ... အာဏာရှင် လူမိုက်
ပြည်သူ့အားအင် အစွမ်းကြောင့်
သင်တို့တတွေ
ဒူးတုန်ကာ ချမ်းနေပြီ ဟုတ်စွ။

ဟေ့... အာဏာရှင် တသိုက်
ပြည်သူ့ အာဏာ အချုပ်အခြာကို
ယုတ်မာဥာဏ် အထပ်ထပ်သုံးလို့
ဆုတ်ကိုင်ကာ မယူတော့ရင်ဖြင့်
တို့ပြည်သူ ကြိုနေတယ်
မေတ္တာ ရင်ခွင် တံခါးဖွင့်လျက်
ဒီဇမ္ဗူတခွင် မှတ်တမ်းတွင်သွားမလိမ့်..
မွေ့ချမ်းစေ ဤမြန်မာ့မြေတလွှား။ ။
ပြစမ်းလေ ဤကမ္ဘာ့ပြည်သူများသို့။ ။

အေအမ်ဇက်(၃ ၉၊ ၂၀၀၇)

Sunday 2 September 2007

အာဏာရှင်ကို ဖြုတ်ချနိုင်ရန် သတိပြု၍ ပါဝင်လုပ်ဆောင်ကြပါစို့်

တချို့က မိမိရဲ့ တဒင်္ဂ သာယာနေမှု အပေါ်(အာဏာဖြင့်ထင်ရာစိုင်းနိုင်ခွင့်)မှာရစ်မူးနေကြသလို၊ မောဟ အမှောင်ဖုံးနေတဲ့ မိဖ၊ဆွေမျိုးတွေကြားထဲမှာ ကြီးပြင်းလာကြပြီး အမိုက်မှောင်ကမ္ဘာထဲမှာသာ တ၀ဲလည်လည် နေချင်သူတွေ ပါ။

တချို့ကြတော့ ယ္ခုအချိန်မှာ မိမိတို့ပိုင်ဆိုင်တဲ့ အထုပ်တွေ ကိုရွှေ့ပြောင်းနေရာချနေတဲ့ သူအချို့လဲရှိနေကြပြီဆိုတာကို ကျွန်တော်တို့ သတိပြုဖို့လိုတယ်။ ထိုသူတွေဟာ စစ်တပ်ယန္နရား ထဲကအထက်အရာရှိ ကြီးပိုင်းကမိသားစု၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်လျက်ရှိသော စီးပွားရေးသမားအမည်ခံ အချောင်သမားများဖြစ်ပြီး ထိုသူတွေကို ဖေါ်ထုတ်ကာ၊ စစ်အာဏာရှင်၏ လက်ကိုင်တုတ် ပြည်သူအရေချုံ အရိုးမှုန့် လျှက်နေကြသောသူများကို မျက်ဝါးထင်ထင် တွေ့မြင်ကြားသိ နိုင်စေပြီးကာ ထိုသူတွေရဲ့ လုပ်ရပ်များကို ရပ်နားသွားနိုင်စေရန် ကြိုးပမ်းရမည်ဖြစ်သလို၊ ဒေါက်တိုင်ဝန်ထမ်းများကို ပြည်သူ့ဘက်တော်သား ၀န်ထမ်းအဖြစ် ပြောင်းလဲလာနိုင်စေရန် လမ်းများရှာကြံဖွင့်၍ ထားရှိထားရမည်ဖြစ်ပြီး ယခုကာလတွင် လျှို့ဝှက်ဆက်သွယ်လာပါက နွေးထွေးစွာလက်ခံ၍ကြိုဆိုကာ လုံခြုံသောဆက်သွယ်ရေး နည်းဗျူဟာတို့၏ အကူအညီရယူပြီး သတင်းစီးဆင်းမှု အမြန်ဆုံးနည်းလမ်းဖြင့် ဖြန့်ဝေနိုင်စေပြီး၊ အမည်နာမ လျှို့ဝှက်ရန်လိုအပ်ပါက လျှို့ဝှက်နိုင်သည်။

အခြားတဖက်မှလည်း ဥပဒေမဲ့ အကြမ်းဖက်နေသော အပြုအမူ လုပ်ရပ်များကို မှတ်တမ်းတင်ရယူထားရမည်ဖြစ်သလို၊ လိုရမည်ရ စစ်လက်ကိုင်တုတ်အဖွဲ့မှ ၄င်းတို့၏ကိုယ်ပိုင်မှတ်တမ်းတင်ထားရှိသောအချက်အလက်တို့ကို ရသည့်နည်းလမ်းပေါင်းများစွာဖြင့် မိမိတို့ ပြည်သူ့ဘက်တော်သားများက သိမ်းဆည်းရယူထားရှိပြီး အမြန်ဆုံးဖြန့်ချီမှုကိုလုပ်နိုင်ခြင်းအားဖြင့် UNSC နှင့်နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၏ ပြင်းထန်သောအရေးယူမှုများကို တဖက်တလမ်းမှအစွမ်းကုန်မြှင့်တင်ကါ ပြည်တွင်းလှုပ်ရှားမှုအရှိန်ကို မြှင့်တင်သွားရင်း အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာ အဆုံးသတ် အောင်မြင်မှုရရှိသည်အထိတိုက်ပွဲဝင်သွားကြရန် အထူးပင်စွမ်းဆောင်သွားကြရမည်။

ဘုန်းတော်ကြီး များသည် ဘာသာရေးအဆုံးအမ ပြုလုပ်ခြင်း ကဲ့သို့ဆောင်ရွက်မှုတို့ဖြင့် ပါဝင်ရန် အထူးပင် လိုအပ်လှသည်။အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင်(အစိုးရ)သည် အောက်လမ်း ယုတ်မာသောနည်းပေါင်းစုံကိုချသုံးနေခြင်းသည် ဘာသာတရားများကိုမျက်ကွယ်ပြုပြီးလုပ်ဆောင်နေခြင်းမှာ ထင်ရှားလှပေသည်။ ဤသို့ ပြည်သူအပေါင်းအား ဒေါသတရားနှင့် တဦးကိုတဦး အညှာအတာ ကင်းမဲ့စွာ နှိပ်စက် အနိုင်ယူတတ်စေသာ ပုံစံတရပ်ကို တရားဝင်ခွင့်ပြုထားပါက၊ အချိန်ကာလ ရှည်ကြာလာပါက နိမ့်ကျသော တရိစ္ဆာန်ဘုံတမျှ အခြေအနေသို့ ရောက်ရှိသွားသည့် နိုင်ငံတနိုင်ငံ ဖြစ်သွားရန်သါရှိသည့် အတွက်ကြောင့်ပင်ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲ ဧကန်မုချ အောင်မြင်နိုင်စေရမည်။ အောင်ရစေမည်။

Saturday 1 September 2007

ငါ အိပ်လို့ မရဘူး


ငါအိပ်မရဘူး

ငါ့မိသားစု အခြေအနေ

ဘယ်သို့နေလဲ။


ငါအိပ်မရဘူး

ငါ့အဆွေ မိတ်သဂ င်္ဟ

ဘယ်သို့ ရပ်တည်ကာရှင်သန်

ထိုကုန်ဈေးနှုန်း ထိုးတက်သည့်အရေး။


ငါအိပ်မရဘူး

ငါတို့ရဲ့ ရဲရင့်ခေါင်းဆောင်အချို့

ဘယ်သို့သော အရပ်၌်ချုပ်နှောင်

နှိပ်စက်မှာ ထိုအတွေး။


ငါအိပ်မရဘူး

ငါတို့ရဲ့ လက်ကျန်ခေါင်းဆောင်အချို့

ဘယ်သို့သော အဆိုးနဲ့ကြုံ

အကြမ်းဖက်ခံရမည့် ထိုမိစ္ဆာဘေး။


ငါအိပ်မရဘူး

တရားလက်မဲ့ ဥပဒေပျက်ထဲ

လုယက်ကာ ဒုစရိုက်ရန်ဘေး

အသက်ပါ ရန်ရှာခံရမည့် အရေး။


ငါအိပ်မရဘူး

ငါတို့ရဲ့ ပြည်သူ၊ပြည်သားအားလုံး

ဘယ်သို့သော အငတ်ဘေးကြီးဆိုက်

ထူပြောလာမည့် ရောဂါဆိုးတို့ အရေး။ ။

အေးမြဇင်(၂၅၊၈၊၂၀၀၇)