ကမ္ဘာ့နိုင်ငံသားတွေရဲ့ ကမ္ဘာမကြေဘူးဆိုသံ
ကမ္ဘာမကြေဘူး သီချင်း
ငါတို့ဆိုညီး လာတာနှစ်ပေါင်းကြာခဲ့ပေါ့ ။
မြန်မာပြည်ကစစ်အာဏာရှင် စရိုက်
ထင်ရှားစွာ တွေ့မြင်လိုက်ရပြီတဲ့
ကမ္ဘာ့ပြည်သူတွေ ကျယ်လောင်စွာ ပြောကြနေရဲ့ ။
စက်တင်ဘာ အဖြစ်အပျက် ပူနွေးလျက်သာရှိချိန်
မေလဦးစအချိန် နာဂစ်မုန်တိုင်းကြီးက ၀င်ရောက်
မြန်မာပြည်တောင်ပိုင်းတလျောက်လုံးကိုတဲ့မွှေနှောက်
အသေအပျောက် စာရင်းတောင် ကောက်မနိုင်အောင်များပြား
လူတသိန်းကျော် အထက်ရှိမလိမ့်ခန့်မှန်းခြေတဲ့လေ ....
အိုးအိမ်မဲ့ပြည်သူအရေအတွက်စာရင်း
တသန်းခွဲကျော်အထက်မှာရှိနိုင်သတဲ့ ခန့်မှန်းချက်တဲ့လေ ။
ဒုက္ခအကြီးအကျယ်ရောက် ထိုပြည်သူ ပြည်သား
အကူအညီတွေစောင့်စားလို့ မျှော်လင့်ကာနေ
စစ်အာဏာရှင်က ကူညီထောက်ပံ့ရန်ပင်ဝေးစွ
တပါးတိုင်းနိုင်ငံ အကူအထောက်အပံ့ကိုပိတ်ပင်
စစ်အာဏာရှင်သဘောယုတ်မာတဲ့ အဆင်း
ကွက်ကွက်ကွင်းကွင်း ထင်မြင်ကြရပြီလေ ။
အာဏာရှင်လူရမ်းကား တသိုက်က
ငါမာရင်ပြီးရော လူ့အသိစိတ် ခေါင်းပါးနေပုံ(များ)
မုန်တိုင်းဒဏ်ရ ဒုက္ခသည်တွေကို မငဲ့ကွက်
ဖြစ်ချင်ရာသာဖြစ် အာဏာနဲ့သာ မူးယစ်လေမတဲ့လေ ။
ကမ္ဘာ့နိုင်ငံသားတွေ ကြားမြင်ရတဲ့ ထိုအဖြစ်ဆိုး
ငါတို့ကမ္ဘာ မှာရှိနေရိုးအမှန်ဟုတ်ပ
မယုံနိုင်လောက်အောင်ဆိုးရွားတဲ့ အမည်ခံအစိုးရမျိုး
ကိုယ့်ပြည်သူရဲ့ ဘေးဒုက္ခဆိုးကို လျစ်လျှု]ရှုကာ နေနိုင်တဲ့အစိုးရ
ငါတို့ရဲ့ဒီတသက် မျက်မြင်တွေ့ရပြီဟေ့တဲ့
စုတ်သပ်လို့ကာ ခေါင်းခါယမ်း ယုံနိုင်စွမ်းရယ် မရှိဘူးတဲ့လေ။
ကမ္ဘာ့နိုင်ငံဖွားတွေတောင်
ကမ္ဘာမကြေဘူးသီချင်းကို ဆိုညီးလို့တတ်(နေပြီ)
စစ်အာဏာရှင်စနစ်ဆိုး တို့ကမ္ဘာမြေပြင်ပေါ်ကမောင်းထုတ်ကြ
လက်သီးဆုပ်တွေ ဆန့်ထုတ်လို့ ကြွေးကြော်ပါဝင်ရစ်ကြနေပြီလေ။
amz ၈၊၅၊၂၀၀၈
Thursday, 22 May 2008
Posted by
Zin+Aye's peaceful square
at
08:31
0
comments
Friday, 9 May 2008
"နိုးကြလော့"
တိမ်y( may72008)
Posted by
Zin+Aye's peaceful square
at
07:53
0
comments
Monday, 5 May 2008
Tuesday, 8 April 2008
ဖွားမေ လူထုဒေါ်အမာသို့ သစ္စာဆို တမ်းတခြင်း
လူထုရှေ့ ဆောင် ဖွားမေအမာ…
သွားလေရာ သုဂတိကမ္ဘာဆီသို့
မှန်းစေကာ တို့တွေလှမ်းကာကြည့်
ဖွားမေရဲ့ ပီတိအပြုံးတွေက
သားမြေးတို့ရင်အစုံကို လှုပ်ကာလေနှိုးဆော်
မေတ္တာတရားတွေ မခေါင်းပါးအောင် နေကြနော် တဲ့ …
သားသမီးတို့တတွေရေ ….
ပညာ ဗဟုသုတတွေ(ကို) အစွမ်းကုန် ဆည်းပူးကြနော် တဲ့ …
သီလတရား ဆောက်တည်ကာ
အမျိုးနဲ့ သာသနာကို စောင့်ထိန်းကာနေကြနော် တဲ့ …
စည်းလုံးမှ ဖြစ်မှာနော်တဲ့ …
လိမ္မာစွာ နေရစ်ကြနော် တဲ့ …
ဖွားမေရဲ့ ဆိုဆုံးမစကား အမြောက်အများ
သားတို့တတွေ အမြဲတမ်း ကြားနာနေလျက်ပါ ဖွားမေ ။
ဟိုးအဝေးရောက် သားသမီးတတွေရေ ….
အမေက မင်းတို့တွေကို
အထူးတလည် မှာချင်တယ်ကွဲ့ …
ချစ်ချစ်ခင်ခင်နဲ့ အကျိုးတူစွာ ပူးပေါင်းလုပ်ကြကွဲ့ …
အကြင်နာတရားနဲ့ တဦးကိုတဦး ဖေးမကြကွဲ့ …
အရက်သေစာကို အထူးပင်ရှောင်ရှားကြပါကွဲ့ …
ဖွားမေရဲ့ ဖြူစင်စွာ မိန့်မှာတမ်း
သားမြေးတို့တွေရဲ့ ရင်အသွေးထဲစိမ့်ရောက်
ဖြန်းကနဲ ဖြန်းကနဲ ကြက်သီးမွေးညင်း ထမိတာ အမှန်ပါ ဖွားမေ ။
ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကာ(ဖြင့်)
သားမြေးတတွေရဲ့ သမိုင်း
ညစ်ပေကာ မထိုင်း မရိုင်းရလေအောင်
ဖွားမေတို့ ရေးခဲ့တဲ့ လွတ်လပ်ရေးသမိုင်းစဉ်လာကဲ့သို့
စစ်အာဏာရှင် စနစ်ယုတ် အခြေခံအားလုံးကို
အမြစ်ပါမကျန် ဆွဲနှုတ်ကာ ချိုးဖျက်ဖို့ရာ
သားမြေးတတွေ စည်းလုံးလို့ အင်အားဖြင့်
ဒုတိယမ္ပိလွတ်လပ်ရေး အောင်ပွဲရသည့်တိုင်
ဝိုင်းဝန်းကာတိုက်ထုတ်မည် လွတ်လပ်သည်အထိ
သစ္စာယှဉ်ကာ ကတိပြုလိုက်ပါ၏ ဖွားမေ လူထုဒေါ်အမာရေ ။ ။
(၈၊၄၊၂၀၀၈)အေးမြဇင်
Posted by
Zin+Aye's peaceful square
at
16:41
0
comments
ဖွားမေ လူထုဒေါ်အမာ ဆုံးပါးကွယ်လွန်သွားသည့် အတွက် တိုင်းပြည်တွင်းနှင့် တိုင်းပြည်ပြင်ပ တို့ တွင် နေထိုင်လျက်ရှိကြသည့် လွတ်လပ်ရေး၊ ဒီမိုကရေစီ အရေးတို့ကို လိုလားအပ်သော ပြည်သူလူထုကြီးတရပ်လုံး၏ စံပြုလေးစား တန်ဖိုးထားအပ်ပါသည့် ရင့်ကျက်မျှော်မြင်ကြီးမားလှသည့် ပြည့်ဦးနှောက်တလုံး ဆုံးရှုံးသွားခဲ့သည့်အပေါ် ကျန်ရစ်သူမိသားစုဝင်အပေါင်းနှင့်ထပ်တူကျစွာဖြင့် ၀မ်းနည်းမိပါသည်။
ဖွားမေတို့ ကြိုးပမ်းရယူခဲ့သည့် နယ်ချဲ့ လက်ပါးစေအောက်မှ လွတ်မြောက်မှုလုပ်ငန်းဝန်တာ များအား အမှတ်ရ အတုယူကာဖြင့် ကျွန်ုပ်တို့ ယနေ့မျက်မှောက်အချိန်ကာလတွင် အထူးလိုအပ်လျက်ရှိသည့် စစ်အာဏာရှင်စနစ်တွင်းမှလွတ်မြောက်ရေးနှင့် အမျိုးသားခြင်း စစ်ကျွန်ပြုနေသည့် စနစ်ညစ်ဆိုးကြီးကို လုံးဝပျောက်ကွယ်သွားရေးအတွက် ဆုံးခမ်းတိုင်သည်အထိ မြေလှန်သုတ်သင် သွားပါမည်ဟု ကတိပြု တိုင်တည်ကာ ဦးညွတ်ကန်တော့လိုက်ပါတယ်။
ညီညွတ်ခြင်းအင်အားဖြင့် စစ်အာဏာရှင်ကို
တော်လှန်တိုက်ပွဲဝင်ခြင်းဖြင့် အောင်နိုင်စေသောဝ်။
Posted by
Zin+Aye's peaceful square
at
03:15
0
comments
ဂုဏ်ပြုအပ်စေ အမေ့မေတ္တာတွေ
အမေ…
ကိုယ်လေးလက်ဝင်ရှိစ
ရင်သွေးရယ်လို့ ရုပ်လုံးပင်
ဝမ်းကြာတိုက်တွင် ဘယ်အရာမထင်သေး
အထိုကာလကအစပြု ကိုးလချိန်တာလွန်သည့်တိုင်
အနေ အစားကို ဂရုပြုလို့ရယ်ရှောင်
အချိန်တိုင်းဟာဖြင့် ရင်သွေးအတွက်အသက်ရှင်
အတိုင်းအထက်အလွန်
မေတ္တာနက်ရှိုင်းလှပါဘိ အေ မ ။ ။
အမေ…
ဝမ်းလွယ်လွန် ရွှေကြာဗိုက်မှသွန်
ရင်သွေးငယ် နီတာရဲစွတ်စိုအား
ဘယ်မလဲကွယ် ညင်သာစွာထိစမ်းလို့ရယ်
လှိုက်လှဲစွာ လူ့လောကထဲသို့ ကြို
ရင်ခွင်ကြားဝယ် ပိုက်ထွေးကာဖြင့်၊
မီးနေသည် သုဿန်မျက်စောင်းထိုး
အထိုစကားချိုးကို ကျော်ဖြတ်ခါဖြင့်၊
ရှုံ့နမ်းကာ အကြိမ်မရေတွက်နိုင်ဘု
အတိုင်းအထက်အလွန်
မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။
အမေ….
ပခုံးရယ် လက်နှစ်သစ်
လူ့လောကအလယ် လှမ်းဝင်စ
ငိုသံနှောကာ တစာစာဂျီကျလို့ရယ်
နို့ချိုလွေးဖို့ တောင်းဆိုသူအား
အရှက်တရား မေ့ပြစ်ထားလျက်
ရင်သားမြတ်အား ဖွင့်လှပ်ထားစေ
အားအင်ဖြစ်ကြောင်း နို့ရည်တိုက်ကျွေး
ရွှင်လန်းစေ မေ့ရင်သွေးငယ်လေးကိုဖြင့်
အတိုင်းအထက်အလွန်
မေတ္တာနက်ရှိုင်းလှပါဘိ အေ မ ။ ။
အမေ…..
စကားရယ် ဖေါင်ဖွဲ့ကာပြောဆို
လူသားအလယ် ရပ်တည်ဆံ့ချိန်
လောကပါလ တရားတွေသွန်သင်
နှုတ် မကြမ်းတမ်းစေ၊
စိတ်ယုတ်မာ မထားရှိစေ၊
ကိုယ်ချင်းရယ်စာ ဂရုဏာဓါတ်ရှိစေ၊
အချိန်ရယ်မလပ် သင်လို့ကာမြွတ်တြား
ထားအပ်စေကြောင်း မြင့်မြတ်စိတ်များဖြင့်
အတိုင်းအထက်အလွန်
မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။
အမေ…
အမေ့အသွင်
ဇရာတွေထင်း
ဆံကေသာ ငွေအဆင်းရောင်၊
ပါးရေတွေ လှိုင်းကြက်ခွပ်သဏ္ဌာန်၊
အရေပြားလွှာ ရေစီးညင်သာဟန်၊
စကားပြောသံ တိုးရှလေးခွင်းဖြတ်သည့်ကဲ့၊
ရုပ်သဏ္ဌာန်ဟန် ပြောင်းလဲလာလည်း
အမေ့ နာမ်စိတ်အစဉ်
ယခင်အတိုင်း မပြောင်းမထိုင်း
ရင်ဖြစ်ပေါက်ဖွါး ရင်သွေးသားတွေအား
ဆုံးမ မပျက် သွန်သင်လျက်ပင်
ရှိအပ်စေကြောင်း ရင့်ကျက်စိတ်ထားကောင်းဖြင့်
အတိုင်းအထက်အလွန်
မေတ္တာနက်ရှိုင်းလှပါဘိ အေ မ။ ။
အမေ…
နက်ရှိုင်းလှပါဘိ
အမေ့၏ မေတ္တာစွမ်းအင်အား
သားသမီးတွေဆီ ဆက်၍ဆက်၍တိုးပွါး
အဖိုးအနဂ္ဂရယ် နှိုင်းယှဉ်ကာ မဆိုကြွားဝံ့
အမေ့ သားသမီးတွေ ထားရှိစိတ်ဘ၀င်ဖြင့်
ဦးထိပ်မည် လက်အုပ်မိုး ရွှေကြာဖူးငုံသဏ္ဌာန်
ဆည်းကပ်ကာ ဦးတော် ညွှတ်တွားလို့ရယ်
အမေ့ စရိုက်သဏ္ဌာန်၊ စိတ်ဝိဥာဉ်အစီအမံ
သား၊သမီးတို့ လက်ဆင့်ကမ်းသယ်ကာဖြင့်
အမေ့မေတ္တာကျေးဇူးတွေအား ဂုဏ်ပြုပူဇော်အပ်ပါ၏ အေ မ။ ။ ။
အေးမြဇင်(၇၊၁၂၊၂၀၀၇)
မွေးမိခင် အမေ ဒေါ်ခင်အေးရီ အား ဤကဗျာလေးဖြင့်ပူဇော်အပ်ရင်း၊ ဖွားမေ လူထုဒေါ်အမာ နှင့် ဒေါ်မေ ဒေါ်အောင်ဆန်းစုကြည် တို့ကဲ့သို့ စူးရှရဲရင့်သောမေတ္တာတို့ဖြင့် ပေးဝေမျှလျက်ရှိသည့် မိခင်အပေါင်းအား ရည်စူးဂုဏ်ပြုလိုက်ပါ၏။
Posted by
Zin+Aye's peaceful square
at
02:17
0
comments
Friday, 4 April 2008
သတိရပါလေ ငါနှင့်မိတ်ဆွေ
ကိုယ်ပိုင်ကားစီး၊ နှစ်ထပ်ဘတ်စ်ကားစီး
ခရီးလမ်း ချောမွေ့စွာ သွားလာနိုင်ချိန်(မှာ)
မိမိတို့၏ မြန်မာ့မြေပေါ် ရှိ (သော)
ပြည်သူ့ လူတန်းစားအလွှာများ၏
မွန်းကျပ်ပြည့်သိပ်စွာ ကားတိုးစီးနေကြရပုံ၊
ခြေကျင်ခရီးလမ်း မောပမ်းစွာ လျှောက်လှမ်းနေကြရပုံ၊
အခက်အခဲ အစုံစုံကို တွေးမြင်ယောင် သတိရပါ …..။
ကြက်ကြော်ကိုလွေး၊ ပေါင်မုန့်ချီ့စ်ညှပ်စား
ဝမ်းခေါင်းပြည့်အောင် စားသောက်နိုင်ချိန်(မှာ)
မိမိတို့၏ မြန်မာ့မြေပေါ် ရှိ (သော)
ပြည်သူ့ လူတန်းစားအလွှာများ၏
ထမင်းတလုပ်အတွက် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေကြရပုံ၊
ဝမ်းခေါင်းခဏငြိမ်ဖို့ ထမင်းရေတခွက် မြိုချနေကြရပုံ၊
အခက်အခဲ အစုံစုံကို တွေးမြင်ယောင် သတိရပါ …..။
နိုင်ငံရေး ခိုလှုံခွင့်၊ နေထိုင်ခွင့် အခွင့်အရေးတွေခံစား
လွတ်လပ်စွာ အခြေချ နေထိုင်နိုင်ချိန်(မှာ)
မိမိတို့၏ မြန်မာ့မြေပေါ် ရှိ(သော)
ပြည်သူ့ လူတန်းစားအလွှာများ၏
ခိုကိုးရာ အိမ်ယာမဲ့ ဘ၀အခြေပျက်နေကြရပုံ၊
ဥပဒေမဲ့ နိုင့်ထက်ပြုကျင့်ခံရ အနှိပ်စက်ခံနေကြရပုံ၊
အခက်အခဲ အထွေထွေကို တွေးမြင်ယောင် သတိရပါ ….။
AMZ
Posted by
Zin+Aye's peaceful square
at
14:24
0
comments
Friday, 15 February 2008
Tuesday, 12 February 2008
(၆၁)နှစ်ပြည့် ပြည်ထောင်စုနေ့ သို့ရောက်ရှိခဲ့ပေပြီ တိုင်းပြည်တနံတလျားတွင် ပြည်ထောင်စုဖွားတို့ အေးငြိမ်းချမ်းသာစွာဖြင့် မိမိတို့တတွေ လွတ်လပ်ခြင်းအင်္ဂါရပ်၊ တူညီမှုရှိခြင်းများနှင့်အတူ သွားလာ နေထိုင် နိုင်ကြလျက်မရှိပုံကို စမ်းစစ်ကြည့်ခြင်းအားဖြင့် မလွတ်လပ်သေးသော၊ စစ်အာဏာရှင်လက်အောက် အဖိနှပ်ခံဘ၀ဖြင့်အသက်ရှင်ရပ်တည် နေကြရသောဘ၀အခြေအနေတို့ကိုသိရှိတန်ကောင်းကြပေသည်။ မိမိတို့၏ မွေးရပ်မြေတွင် အထူးပင်လိုအပ်လျက်ရှိသည့် သွေးစည်းညီညွတ်ခြင်းဟူသော ပြည်ထောင်စုစိတ်ဓါတ်အခြေခံစိတ်တို့ကိုထားရှိစေလို့ကာ တဦးကိုတဦး လေးစားချစ်ခင်၍ တန်ဖိုးထားသောစိတ်ဓါတ်တို့အရင်းခံလို့ကာဖြင့် စစ်မှန်သောပြည်ထောင်စုနိုင်ငံတော်ကို ၀ိုင်းဝန်းတည်ဆောက်နိုင်ရန် စစ်အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းသွားသည်အထိ တိုက်ပွဲဝင်အောင်စိတ် အပြည့်ဖြင့် ပူးပေါင်းလုပ်ဆောင်ကြပါစို့။
Posted by
Zin+Aye's peaceful square
at
12:13
0
comments
Friday, 25 January 2008
အဖေ့ဂုဏ်ဓါတ် သားသမီးတို့ ပူဇော်အပ်၏
အဖေ..
အိမ်ထောင်တခု တာဝန်တရပ်အား
အယူအမှန်တည့်လို့ကာ သူစွမ်းဆောင်
မိသားတစုလုံးရဲ့ ဦးခေါင်းတွဲသဏ္ဌာန်ပ
အစွမ်းရှိသမျှ ရှေ့ ဆောင်လမ်းပြ
စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။
အဖေ…
သား သမီးတတွေ စံနမူနာပြုစေလောက်အောင်
အပြောအဆို လုပ်ရပ်များအား သတိကြီးစွာဖြင့်
လူ့လောက အမှားတွေ သွန်သင်ဆုံးမလို့ပင်
သူ့အမှားတွေ အလျင်သုံးသပ်လို့ပြင်ပြ
အဆိုအမိန့်များစွာအား သိအပ်စေထား
လောကီဘောင်ကို အမြင်အကြည်ဓါတ်ထားတတ်စေ
ဆုံးမစကား အစဉ်ပြောဆိုကြားကာ ရှေ့ ဆောင်လမ်းပြ
စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။
အဖေ…
အချစ်မခမ်းစေ အိမ်ထောင်သက်တမ်း
ပျော်ရွှင်ဖွယ်ရာ နေ့ရက်တိုင်းရယ်ဖြစ်စေ
ချစ်ဇနီးကို အကြင်နာထားကာဖြင့်
ချစ်သားသမီးတတွေကို မေတ္တာထားကာဖြင့်
ဘ၀ခရီးလမ်းမသွေ ချင့်ချိန်စကားတွေဆိုလို့ကာ
ကြည်နူးစေ ရွှန်းဖေါက်ကာခွန်းဆင့်လို့ ရံဖန်ရံခါ
တင့်ဆန်းပလေ စိတ်မညစ်ညူးရစေအောင်
အိမ်တွင်းသာယာစေ ရှေ့ ဆောင်လမ်းပြ
စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။
အဖေ…
ဖောက်ပြန်သော အမူအကျင့်တွေကိုစက်ဆုပ်
မတရားအနိုင်ကျင့်မှုတွေကို ဆန့်ကျင်ဖီလာ
ရဲဝံ့သော စကားဆိုကာ တုန့်ပြန်တတ်သည့် ဗီဇ
အများမျက်ရည်ပေါက်တွေ ထောက်ရှုစာနာ
မိုးခါးရေ ငါမသောက်ဆိုသည့် မူဝါဒ
အကျင့်နှင့်သီလကောင်းတွေ ရှေ့ ဆောင်လမ်းပြ
စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။
အဖေ…
အမိုးပေါက် ထရံပျက်ပျက်
ပုဆိုးပြဲ စွတ်ကျယ်ပေါက်ပေါက်
မင်းတို့ရဲ့ စိတ်ဓါတ် အောက်တမ်းမရောက်အောင်နေ
အ၀တ်အစားဆိုတာ ကွပ်ထားရုံသပ်သပ် အချိန်မရွေး ပြောင်းလို့ကာ ဆင်နိုင်သကွဲ့
ယုတ်ညံ့စိတ်ဓါတ် စွဲကပ်တတ်သဘော စောကြောမနေနဲ့ အဲ့ဒါအဟုတ်ကွဲ့
လူ့ဘ၀ ခဏနေချိန်ကာလ တပါးသူ(အများသူငါ) ကိုယ်၊စိတ်ဒုက္ခမရောက်အောင်ရှောင်ကွ
လူလား လားမြောက်တဲ့ လူဖြစ်အောင်နေကြ အစဉ်ဆိုဆုံးမ
လေးစားလောက်ပါတဲ့ တို့ရဲ့ ဖေဖေ။
အဖေ…
ပညာရဲ့ တန်ဖိုး မြတ်နိုးကာလေးစား
ပညာမငတ်ရစေဖို့ စာအုပ်စာပေ၀ယ်ကာဖတ်ပြ
စာပေကျင့်သားရအောင် သမီး သားတို့အား ပေးဝေမျှ
မျိုးစေ့ရင့်သန်အောင် ရှေ့ ဆောင်လမ်းပြ
စံပြုထိုက်ပါတဲ့ တို့ရဲ့ ဖေဖေ။
အဖေ…
ရောင်စုံကောက်ကြောင်းများထဲ အနုပညာအသွေးချယ်သ
သားသမီးတွေရဲ့ ပုံတူကြအောင် ဆွဲချယ်ကာဖေါ် ပြ
နူးညံ့ခြင်း သဘောအဆင်းတွေ ကူးဆက်စေ
ထူးမြတ်ခြင်း ကဗျာ့ဓါတ်ခံတွေ ပေးဝေမျှ
အစ အလယ် အဆုံး သေသပ်စွာပြီးဆုံးစေဖို့လမ်းညွှန်ပြ
ကျေးဇူးကြီးမြတ်ပါတဲ့ ချစ်ဖေဖေ။ ။
အေးမြဇင်(၁၊၂၀၀၈)
ကျေးဇူးကြီးမြတ်လှသည့် ဖေကြီး ၏ ၁လပိုင်း ၂၆ရက်နေ့ တွင် ပြည့်မြောက်သော ၆၉နှစ်မွေးနေ့အား အထက်ပါကဗျာလေးဖြင့် အဝေးတနေရာရောက် သားလတ်မော်မှ အဖေ့အမူအကျင့်များကို သတိရတမ်းတစွာဖြင့်
ထပ်မံ ကတိသစ္စာပြုလိုက်ပါတယ်အဖေ။
အဖေကျန်းမာစွာဖြင့် ရည်ရွယ်ချက်လုပ်ငန်းဆောင်တာများကို အသက်ရာကျော်သည့်တိုင်အောင် လုပ်ဆောင်
ရင်း သားတို့သမီးတို့အား လမ်းကောင်းများအား ထပ်မံပြလှည့်နိုင်ပါစေဟု မွေးနေ့ဆုတောင်း ဆန္ဒပြုအပ်ပါတယ်
ချစ်ဖေဖေ။
Posted by
Zin+Aye's peaceful square
at
20:54
0
comments
Monday, 21 January 2008
ပြည်တခွင်ကို ပျံ့ နှံ့စေ
ဒါ တော်လှန်ရေး
ဖလော်ဆော်ဖီအတွေး မတွေးနဲ့
ဖေါ် မြူလာတွေနဲ့ မရှင်းနဲ့
သီအိုရီတွေနဲ့ မထွေးနဲ့
လက်တွေ့ ကြတဲ့ လမ်းစဉ်တွေမွေးထုတ်
လက်တွေ့ ကြတဲ့ ဖြေရှင်းမှုတွေလုပ်
အတက် အကွေ့ တို့ရဲ့ ဇွဲ၊သတိ ရှိမှုတွေနဲ့ အားထုတ်
တော်လှန်ရေး တော်လှန်ရေး တော်လှန်ရေး
ကျားကုတ်ကျားခဲ အသွေးအသားထဲစွဲစေ
တော်လှန်ရေးရဲ့ ရဲသွေးစိတ် ပြည်တခွင်အနှံ့ ပျံ့ နှံ့စီးဆင်းစေ။
အေးမြဇင်(၂၁၊၁၊၂၀၀၈)
Posted by
Zin+Aye's peaceful square
at
01:27
0
comments
Saturday, 19 January 2008
အောင်ဖို့ရည်ကြံ
အတ္တ အခွံမာ လွှာချ၊
ဒဿန တမူဟန်တို့ ချူချ၊
စိတ္တရ အယူသန်ခြင်း ခွာချ၊
ညီညွတ်ခြင်း စုစည်းအင်အားဖြင့်
အဟိတ်တိရိစ္ဆာန် ထိုမူဝါဒအား
ဝိုင်းလို့ကာ တွန်းလှန်ပါမှ
မသွေမဖီ ကာလအချိန်ကြ
တို့အားလုံး လွတ်မြောက်မည်မှတ်။
တို့အားလုံး အောင်ပွဲခံမည်မှတ်။
အေးမြဖင်(၁၉၊၁၊၂၀၀၈)
Posted by
Zin+Aye's peaceful square
at
21:34
0
comments
Friday, 18 January 2008
တော်လှန်ရေးမိတ်ဆွေသို့……
တော်လှန်ရေးမိတ်ဆွေ..
စနစ်ပြောင်းတော်လှန်ရေးက
တပါတီ(တဖွဲ့)ဇောင်းပေး လူစုရေးမဟုတ်၊
ရာသီကောင်းမှ ထွန်ယက်စိုက်ပျိုးရေးမဟုတ်၊
သိအပ်ပါစေ အိုမိတ်ဆွေ။ ။
တော်လှန်ရေးမိတ်ဆွေ..
စနစ်ပြောင်းတော်လှန်ရေးက
အပြောနှင့်လုပ်ရပ် ပေါ့ပျက်ပျက် ထားရန်မဟုတ်၊
ရာသီစာလေး မြိန်ယှက်ရည်စွာ မြည်းနေရန်မဟုတ်၊
သိအပ်ပါစေ အိုမိတ်ဆွေ။ ။
တော်လှန်ရေးမိတ်ဆွေ..
စနစ်ပြောင်းတော်လှန်ရေးက
လူထုအားတွေ ကိုယ်စားပြုစေ၊
တူညီအဖွဲ့သား ညီညွတ်ကြစေ၊
အပြောနှင့်အလုပ် ထပ်တူမျှစေ၊
ဟောင်ဖွာပါးစပ်ပြော ပြုမှုမလောစေ၊
သာယာခိုက်မှ ပျိုးကြဲမလိုက်စေ၊
ကိုယ်သာခိုက်မှ မျှောလိုက်မပြုစေ၊
သိအပ်ပါစေ အိုမိတ်ဆွေ။ ။
တော်လှန်ရေးမိတ်ဆွေ..
စနစ်ပြောင်းတော်လှန်ရေးက
ရာသီပေါ် တော်လှန်ရေးမဟုတ်၊
နရီချိန်မှတ် တော်လှန်ရေးမဟုတ်၊
မျိုးဆက်အဆင့် လက်ကမ်း၍ချီ
အချိန်မလပ် အပြီးသပ်သည်အထိ
တက်လှမ်းစေ အောင်ပွဲလမ်းဆီ
သိအပ်ပါစေ အိုမိတ်ဆွေ။ ။
အေးမြဇင်(၁၅၊၁၂၊၂၀၀၇)
Posted by
Zin+Aye's peaceful square
at
04:04
0
comments
Saturday, 12 January 2008
ရန် ငါ သိမှတ် ပြတ်သားမြင်ကြ
ကြိမ်ဖန်မြောက်များ မုသာစကားဆို
လိမ်ညာလှည့်ကွက် ရေတွက် မရနိုင်
အမှန်လည်းမကြံဆ၊ အမှားကိုလည်း ၀န်ချမခံ
အမှားလည်းမပြင်၊ အမှန်ရှိငြှား
ထိုသူ့ လုပ်ရပ် ကောင်းလိမ့်မှတ်မှား
(အာဏာရှင် လုပ်ရပ် ကောင်းလာနိုးမှတ်)
စောင့်စား စောင့်ကြည့် ပြုနေရစ်က
ငါတို့အပြင် အမိုက်လူသား ဘယ်ဝယ်မရှိ သတိပြုအံ့။
ငါတို့တတွေ ပြုမူလုပ်ရပ် အတွေးဓါတ်အား
ထင်ရှားကြည်လင် ပြတ်သားစွာမြင်
ပြည်သူ့ဒုက္ခ စာနာထောက်ရှု
ရှေ့ဆက်လုပ်ငန်း သွားမည့်လမ်းမှာ
တုံ့ကာမဆိုင်း ရင်ဆိုင်လှမ်းကာ
အောင်ပွဲကြငှါန်း ဆိုက်မည်မှတ်ရော့
ပန်းတိုင်ထိုဆီ အရောက်ချီကြ။ (အရောက်ချီအံ့)။
ပန်းတိုင်ထိုဆီ အဆုံးသတ်ချီကြ။ (အဆုံးသတ်ချီအံ့)။
အေးမြဇင်(၁၂၊၁၊၂၀၀၈)
စစ်အာဏာရှင် တစုသည် ၄င်းတို့အစဉ်တစိုက် ရမ်းကားအနိုင်ကျင့်လျက်ရှိသည့် စိတ်ဓါတ်၊ အပြုအမူတို့ကို အလွယ်တကူ ပြောင်းလဲ လိမ့်မည်မဟုတ်ဆိုသည့် အချက်ကို ၂၀၀၇ခုနစ် စက်တင်ဘာလတွင် ငြိမ်းချမ်းရေးအတွက် မေတ္တာပို့သရွတ်ဆို၍ တိုင်းပြည်တွင်းတွင် မှီတင်းနေထိုင်ကြသူအပေါင်း (စစ်သား၊စစ်ဗိုလ်များအပါအ၀င်။၎င်းတို့သည် မိုးကြရွှေကိုယ် တို့မဟုတ်၊ ပြည်သူထဲမှ ပေါက်ဖွါးကြီးပြင်း၍ ဆရာ၊ဆရာမတို့ထံမှ ပညာဗဟုသုတ ရှာမှီးသင်ယူခဲ့ကြသူများဖြစ်သည်။) တို့အား ဘေးအန္တရာယ် အပေါင်းမှ သက်သာလွတ်ငြိမ်းနိုင်ပါစေကြောင်း ရည်ရွယ်သော စိတ်စေတနာကောင်းတို့ကို ရှေ့ရှုလုပ်ဆောင်နေကြသည့် ဗုဒ္ဓသာသနာတော်မြတ်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် သံဃာ၊သီလရှင်အပေါင်းနှင့် မေတ္တာတရားကို ဖြူစင်စွာသောစိတ်ဖြင့် ရဲရင့်တည်ကြည်စွာ ပူးပေါင်းပါဝင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူတို့နှင့် ပြည်သူ၊ ပြည်သားတို့အား လမ်းမ အလယ်တွင် ရိုက်နှက်သတ်ဖြတ်ခြင်းဖြင့် လူမဆန်သော အစွမ်းကုန် ယုတ်မာခြင်းနည်းလမ်းတို့ဖြင့်သာ ပြန်လည်တုန့်ပြန်ခဲ့ပုံကို ကျွန်ုပ်တို့အားလုံး သိမြင်ခဲ့ကြပြီး ဖြစ်သည့်အားလျော်စွာ၊ စစ်အာဏာရှင်စနစ်အောက်တွင် ၄၅နှစ်ကျော် ကြရောက်လျက်ရှိသည့် မြန်မာနိုင်ငံအခြေအနေနှင့် စစ်အာဏာရှင်တို့၏ လုပ်ရပ်၊ လိမ်ညာကောက်ကျစ် မတရားအုပ်စီးပြုမူ အနိုင့်ထက်ကျင့်နေပုံများကို သိနားလည်၍ မတွေမေ၀၀ါးသောစိတ်ဓါတ်အရင်းခံကာ စစ်အာဏာရှင် လူယုတ်မာတို့၏ လိမ်ညာလှည့်ဖြားခြင်းကို လက်သင့်ခံခြင်းလုံးလုံးမပြုပဲ(၀ါ) ကောင်းလာနိုးနိုးနှင့် စောင့်ကြည့်နေခြင်းလုံးလုံးမပြုပဲ မိမိတို့ရှေ့တူရှုသို့ ဆက်လှမ်းရမည့် ပြည်သူတရပ်လုံး လွတ်လပ်ရေးကိုဦးတည်သည့် အပြောအဆိုများနှင့် နည်းလမ်းအကြံအဆ မူဝါဒလမ်းစဉ်များကို တိုးမြှင့်လုပ်ဆောင်ကြပါစို့။
စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်လိုသူအပေါင်းအားလုံးသည် မခိုမကပ်သောစိတ်တို့ကို ဦးရွက်လို့ ကာ မိမိတို့အားလုံး၏ ကိုယ်ပိုင်အခွင့်အရေးနှင့် မျိုးဆက်အပေါင်း၏ ရှေ့အနာဂတ် အခြေခံလွတ်လပ်ခွင့်တို့ အတွက်၊ မိမိတို့ကိုယ်ကို မြန်မာနိုင်ငံဖွား ယဉ်ကျေးသောလူမျိုးပါဟု မရှက်မကြောက် ပြောဝံ့သော သူအပေါင်းဖြစ်နိုင်ရန်အတွက် အစွမ်းကုန်တာဝန်သိစွာ ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့။
Posted by
Zin+Aye's peaceful square
at
13:11
0
comments
Friday, 4 January 2008
စိတ်နှလုံးသွင်းကြ ဒုတိယမ္မိ(၀ါ) အန္ဓိမ လွတ်လပ်ရေးဆီ
နယ်ချဲ့ လက်အောက် လွတ်မြောက်ရန်တောင့်တ
သခင်စိတ်မွေး နယ်ချဲ့ ကျွန် မဖြစ်ရေး
မြင့်မြတ်စိတ်သွေး စည်းလုံးရေးဖြင့်
အသက်တွေ ပေးကြ
ဘ၀တွေ စွန့်ကြ
နိုးကြ ထလေါ့ မြန်မာတို့ဟု
တို့ဘိုး ဘေး တတွေ လှုံ့ဆော်ခဲ့ကြ (မမေ့ကြနဲ့)။
တမျိုးသားလုံး နိုးကြွအားဖြင့်
နယ်ချဲ့ ဖက်ဆစ် တိုက်ထုတ်ရစ်လို့
အိပ်မက်တွင်ပင် မက်မြင် မတွေးရဲ
လွတ်လပ်ရေး လွတ်လပ်ရေး ထိုအတွေးအား
ချေဖျက် ဖဲ့ဆုတ် မောင်းလို့ထုတ်ကာ
လွတ်လပ်ရေးကို တိုက်၍ယူပြ လက်တွေ့ပြခဲ့
တို့ဘိုး ဘေး တတွေ စွမ်းဆောင်လုပ်ခဲ့
သွေးချွေး ဘ၀များ ပေးဆပ်ထားကြ (မမေ့ကြနဲ့) ။
နယ်ချဲ့ ဖက်ဆစ် စနစ်ညစ်ဆိုး လွတ်မြောက်ယိုးလဲ
စစ်အာဏာရှင် စနစ်ယုတ်ညံ့ မလွတ်မြောက်သေး
စစ်ကျွန်ဘ၀ လူလုံးမလှ(ပုံ) သိရှိနေက
စစ်ကျွန်ဘ၀ အမျိုးသန(ပုံ) သိရှိမှန်က
တို့ဘိုး ဘေး တတွေ ထားရှိလေတဲ့
မြင့်မြတ်ဆန္ဒ ဖြည့်ဆီးကြကာ
အနာဂတ်တွင် မျိုးဆက်တလျှောက်
လွတ်လပ်ခြင်းအောက် ရွှင်မြူးတောက်ရန်
အန္ဓိမလွတ်လပ်ရေးတိုက်ပွဲတွင် ၀ိုင်းဝန်းပါဝင် ဆင်လို့နွှဲကြ (မမေ့ကြနဲ့)။
အန္ဓိမလွတ်လပ်ရေးတိုက်ပွဲတွင် စည်းလုံးညီစွာ တွန်းလှန်ပါကြ (မမေ့ကြနဲ့)။
အန္ဓိမလွတ်လပ်ရေးတိုက်ပွဲတွင် အစွမ်းကုန်ထုတ် လုပ်ဆောင်ပေးကြ (မမေ့ကြနဲ့)။
အေးမြဇင်(၄၊၁၊၂၀၀၈)
မြန်မာပြည်တ၀န်းလုံး နယ်ချဲ့ ဖက်ဆစ်စနစ်အောက်မှ လွတ်မြောက်အောင် ညီညွတ်ခြင်းခွန်အားများဖြင့် စွမ်းဆောင်ကာ မိမိတို့၏ အသက်နှင့် ဘ၀အလုံးစုံကို ပေးဆပ်ခဲ့ကြသော တိုင်းရင်းသား လူမျိုးအပေါင်းအား ဦးညွှတ်အလေးပြုပါ၏။
စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲအား အောင်ပွဲရရှိသည်အထိ ကျွန်ူပ်တို့၏ မဆုတ်မနစ်သော စိတ်ဓါတ်ခွန်အား စွမ်းအင်အပေါင်းဖြင့် သွေစည်းညီညွတ်စွာ ပါဝင်ဆင်နွှဲအံ့။
Posted by
Zin+Aye's peaceful square
at
10:15
0
comments
Tuesday, 1 January 2008
နှစ်သစ်ကူးဆန္ဒမွန်
အနောက်တိုင်းပြက္ခဒိန်နှစ်သစ် တခုကိုချဉ်းနှင်းဝင်ရောက်လာခဲ့ပေပြီ။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူမျိုးဘာသာပေါင်းစုံက ၂၀၀၈ ခုနှစ်ကို မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းသွားနိုင်ကြဖို့ရန် နှစ်ဟောင်း၏နောက်ဆုံးနေ့ရက်ဖြစ်သော ဒီဇင်ဘာ(၃၁)ရက်နေ့ ညသန်းခေါင်ယံ တွင် ပျော်ရွှင်စွာသော၊ စိတ်ချမ်းမြေ့စွာသော နှစ်သစ်တခုဖြစ်ပါစေကြောင်း အစရှိသည့် မင်္ဂလာထောပနာမ ပြုခြင်းတို့ဖြင့် ဟစ်ကြွေးအော်ဟစ် ကခုန်ကြရင်း ကြိုဆိုခဲ့ကြပေသည်။
ကျွန်တော်တို့ရဲ့ နိုင်ငံတကာရောက် မြန်မာပြည်ဖွား အများစုသည်လည်း အထိုအပြုအမူ တို့ကို ပြုကျင့်ခဲ့ကောင်း ပေမည်။ ကျွန်တော်တို့ ပြည်ပရောက်ရှိလျက်ရှိသော မြန်မာများအနေဖြင့် မိမိတို့၏ မွေးဖွားရာအရပ်ဒေသ ကိုသတိရလျက်ရှိကာ ပြည်သူ၊ပြည်သားတို့ခံစားနေကြရသော ဒုက္ခအပေါင်း၊ မတရားဖိနှိပ်ညှင်းဆဲခံနေကြရမှုအပေါင်းမှ လွတ်မြောက်ပါစေကြောင်း ဆုတောင်းမှုများနှင့် အတူ မိမိတို့၏ ကိုယ်စွမ်း၊ဥာဏ်စိတ်စွမ်းအားအပေါင်းဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ပါဝင်နိုင်ကြပါစေရန် နှစ်သစ်ကူး စကားရပ်ဖြင့် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။
မြန်မာပြည်တွင်းတွင် နေထိုင်ကြကုန်သော ရဟန်းသံဃာ သီလရှင်၊ မိဘ ဆရာ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူ ပြည်သား အပေါင်း တို့ မတရားအနိုင့်အထက်ပြုကျင့်ခံနေကြရခြင်းဘေးနှင့် အခြားအခြားသော ကပ်ဘေးဆိုးအပေါင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း ပို့သပါ၏။
လွတ်လပ်ပျော်ရွှင်၍ စစ်မှန်သော မင်္ဂလာနှစ်သစ်အပေါင်းကို နှစ်နှစ်ကာကာစိတ်တို့ရှိစွာဖြင့် ကြိုဆိုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါ၏။
Posted by
Zin+Aye's peaceful square
at
15:57
0
comments
Monday, 31 December 2007
နှုတ်မဆက်ပါရစေနဲ့ ၂၀၀၇ ရ
သူငယ်ချင်း၂၀၀၇ နှစ်...
်အင်္ဂါထောင့် လှုပ်ရှားမှုတွေကြား
တကိုယ်တော် လှုပ်ရှားမှုတွေကြား
အဖြူရောင် လှုပ်ရှားမှုတွေကြား
လမ်းလျှောက်ပွဲ လှုပ်ရှားမှုတွေကြား
ရွှေဝါရောင် လှုပ်ရှားမှုတွေကြား
မင်းပြက္ခဒိန်ထဲက ရက်စွဲများက နှိုးထ
ဘယ်ဝယ်ပျက်မသွား နိုင်ခြင်းနဲ့အတူ
ငါတို့ရဲ့ ရှေ့တူရှုဆီက အောင်ပွဲခရီးထံ
မင်းရဲ့တက်ကြွတဲ့ မာန်ဟုန်တွေပွါး
မင်းရဲ့ ရိုးးစင်းတဲ့ မေတ္တာဆပွါး
မမေ့ရက်နိုင်ဘူး ဆိုတဲ့စကားပြောလို့
နှုတ်ဆက် စကားရယ်မဆိုဝံ့သမို့
တို့အများစု နှုတ်ဆိတ်လို့ကာ
မင်းအကြောင်းတွေ တွေး တွေး တွေး။ ။
အေးမြဇင်(၃၁၊၁၂၊၂၀၀၇)
Posted by
Zin+Aye's peaceful square
at
12:37
0
comments
Tuesday, 25 December 2007
စစ်မုန်းနှင်းဆီ အတွက် မြရွက်တို့ရဲ့ မော်ကွန်း
(၁)
ကျောက်ဂူထဲက
တလှမ်းခြင်းထွက်လာတဲ့
ကြေးဝါရောင် ခြင်္သေ့ တကောင်လိုပဲ
၁၉၉၁ ရဲ့ ဒီဇင်ဘာ(၁၀)ရက်ဟာ
နေခြည်မျှင်စတွေကို လည်ဆံမွှေးလိုခါချရင်း
လူ့လောကထဲ တိုးဝင်လာခဲ့ပြီ။
ဖက်ဆစ်ကလဲ
သူ့ဖိနပ်ကို ကျစ်တဲ့ကြိုးနဲ့ ငါတို့ကို စီးမိုးတုပ်ခတ်
ဘီလူးအိပ်မက်မှာ ညတွေနက်ပြီးရင်း နက်ခဲ့ပြီ။
ငါတို့ရဲ့ တော်လှန်နိုင်ငံဟာ
အာရှရဲ့ မုတ်သုန်စီးကြောင်းအောက်မှာ
စစ်ခမောက်တလုံး မှောက်ထားသလို မီးခိုးညိုတွေအူထွက်
အဲဒီအထဲကမှ ငါကအားယူ နိုးထလျက်ပေါ့။
ဒီနေ့ဟာ
သံလွင်ခက်တွေ သက်ဝင်မဲ့နေ့
ရာဇ၀င်မှာ ရွှေလို စင်ကြယ်တဲ့နေ့ပါပဲ
ငါ့ရင်ထဲမှာ မွှေးမြသင်းရီ
ငါ့နိုင်ငံမှာ လင်းပစွေးနီ
ငါတို့ချစ်သော အို.. အောင်ဆန်းနှင်းဆီ။
(၂)
ဘုန်းကြီးသင်္ဃန်းတွေကို ချွတ်ပြီး
လူသေပတ်တဲ့ အ၀တ်လုပ်သူတွေက
နိုင်ငံတော်အာဏာကို
သေနတ်အိပ်ထဲက ထုတ်ကြည့်နေလေရဲ့ ။
အရိုးနဲ့ ဆောက်တဲ့ အုတ်ဂူမှာ
ယမ်းငွေ့ သွေးမြူတွေအုံ့ဆိုင်း
သည်မြေကို ရိုင်းအောင် လုပ်ရက်ကြတယ်
ဟေး… ပွင့်စမ်း ဝေစမ်း ရဲရင့်စမ်း
ငါတို့ချစ်သော အောင်ဆန်းနှင်းဆီ။
ငြိမ်းချမ်းရေးကို မြတ်နိုးသူဟာ
သံချပ်ကာ အင်္ကျီ ၀တ်ထားသင့်သလား
သားသတ်သမားနဲ့ ဘုရားသခင်ကို ငါမေးချင်တယ်။
တောင်စွယ် နေကွယ်ချိန် သူသတ်ကုန်းမှာ
ငါလိုရာသာ တောင်းခွင့်ရရင်
မင်းတို့ ဘုရင်နဲ့ စီးချင်းထိုးချင်တယ်လို့ပဲ
ငါပြောမိလိမ့်မယ်။
ဒါ တော်လှန်ရေး
တော်လှန်ရေးမှာ အေးစက်မှုန်ဝါး
အောင်ဆန်းနှင်းဆီ နေ့များ
အောင်ဆန်းနှင်းဆီ ညများ
ပြည်သူကြားမှာ လွင့်ပါးလှုပ်ခတ်
အနာဂတ်မိုးကြီး ရွာလိမ့်မယ်
အနာဂတ်မိုးကြီး ရွာတော့မယ်ကွယ်။
(၃)
ဒီကဗျာကို ငါရေးတာ
သူမအတွက် ဘုန်းတော်ဘွဲ့ တင်ဆက်တာ မဟုတ်ဘူး
တော်လှန်ရေးကို အာဇာနည်ကုန်းပေါ်က တက်အလေးပြုတာပဲဖြစ်တယ်။
ငြိမ်းချမ်းရေးစောင်းကြိုးနဲ့ ဟိုး အဝေးက စစ်ခရာ
လောကမှာ ဘယ်သူ လင်းပြာစေမလဲ
ဆက်လျှောက် ဆက်ကြိုးစား
အမှန်တရားဆိုတာ ဘယ်သူမှ အလကားမရဘူး
လျှောက်ရဲသူအတွက် လမ်းဆိုတာ
မနက်ဖန် နေထွက်ချိန်တိုင်းမှာရှိတယ်။
ကြောက်တဲ့သူ လက်နက်ချစတမ်း ဆိုရင်
ငါရေးတဲ့ ဒီနှင်းဆီပန်းကဗျာဟာ ဓါးဖြစ်လာလိမ့်မယ်
ထက်မြစိမ်းဝင်း
သတ္တိအဆင်းတို့ လွှမ်းခြုံ
အရှေ့ စူးစူး ရောင်ခြည်ခူးဖို့
ငါတို့ အားလုံး ဦးလည်မသုန်
ငါတို့ အားလုံး ဦးလည်မသုန်
ငါတို့ အားလုံး ဦးလည်မသုန်။ ။
ရွှေဘုန်းလူ (ခ)ချစ်ညီညီ(ခ)တာရာမင်းဝေ (ဒီဇင်ဘာ၊၁၉၉၁ တွင် ထောင်တွင်းရေးစပ်ခဲ့သည်) (၈၈မျိုးဆက်ကျောင်းသား)
ကိုဇော်ဇော်အောင်(၈၈မျိုးဆက်ကျောင်းသား) မှ ပြန်လည်ဖေါ်ထုတ်သည်။
Posted by
Zin+Aye's peaceful square
at
18:55
0
comments
Tuesday, 11 December 2007
ငါ့သွေးသစ္စာ
*သံကွန်ချာ၊အလွှာအထပ်ထပ်
ရစ်ပတ်ချည်တုပ်၊ ချုပ်နှောင်ထားပါစေ။
္ဂ*နေခုနစ်စင်း၊ ပူပြင်းလောင်မြိုက်
မီးတိုက်သွင်းပါစေ။
*ယက္ခ ငဘီလူး၊ အမှုးပြု၍
စုဝေးရံပတ်၊ စောင့်ကြပ်ကြပါစေ။
ရဲရဲနီတွေး၊ ငါ၏သွေးဖေါက် မိုးထိရောက်စေ
ဖြန့်ဝေခြုံလွှမ်း၊ ပက်ဖျန်းရင်လေ။
သံကွန်ချာတွေ၊ အရည်ပျော်ကျ
နေခုနစ်စင်း၊ ခြေရင်းညွှတ်ခ
ဘီလူးယက္ခ၊ ၀ပ်စင်းကြစေ။ ။ ။
ဇာဂနာ(၁၁၊၁၁၊၁၉၈၈)
Posted by
Zin+Aye's peaceful square
at
22:17
0
comments
Tuesday, 4 December 2007
အမျိုးသားရေးစိတ်ဓါတ် အခြေခံဖြင့် အမျိုးဘာသာ သာသနာ ကိုဝိုင်းဝန်းစောင့်ရှောက်၍ မတရားမှုအပေါင်းအား ငုံ့ခံသည့်စိတ်ဓါတ်၊ ကြောက်ရွံ့စိတ်ဦးစီးသည့်စိတ်ဓါတ် များကိုဖယ်ရှားလို့ကာ ဘိုးဘွားအမွေတို့ကို ချစ်မြတ်နိုးသောစိတ်အခြေခံဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် ရဲရင့်တည်ကြည်စွာဖြင့် စံပြဦးဆောင် လုပ်ဆောင်ကြပါစို့။
၁၉၂၀ အမျိုးသားရေးစိတ်ဓါတ်အခြေခံအား လက်ဆင့်ကမ်းကာ ထမ်းဆောင်ကြပါစို့။
Posted by
Zin+Aye's peaceful square
at
11:29
0
comments
.jpg)



