Monday 27 August 2007

ကျိန်စာမဟုတ် သစ္စာဓါတ်၏ရောင်ပြန်

မြန်မာပြည်ဖွား

ဒီမိုကရေစီ စံစား အိုလူသားတို့….


သင်တို့ရဲ့ အလိုလောဘ တို့အတွက်

ဒီမိုကရေစီဆိုတဲ့ အရာကို

ကိုယ့် အကျိုးအတွက် ချသုံး

သင်တို့ ပြုံး၍ နေနိုင်ကြတုန်းလား။


သင်တို့ရဲ့ အလိုရမ္မက် ဆန္ဒ တို့အတွက်

ဒီမိုကရေစီဆိုတဲ့ အရာကို

ပါးစပ်ဖျားကလေးမှာတွေ့

သင်တို့ ဘ၀င်ခွေ့ နေနိုင်ကြတုန်းလား။


သင်တို့ရဲ့ လွန်ကဲ အတ္တ တို့အတွက်

ဒီမိုကရေစီဆိုတဲ့ အရာကို

ထုတ်ကုန်တမျှ ယူဆလို့ထင်မြင်

သင်တို့ ငွေရွှင်အောင် အသုံးပြုနေကြတုန်းလား။


သင်တို့ရဲ့ မောဟအားတွေ အတွက်

ဒီမိုကရေစီဆိုတဲ့ အရာကို

ပြက်လုံးတမျှ ရင်ထဲမျှောချ၍မြို

သင်တို့ ရယ်သွမ်း လှောင်ပြောင်နေကြတုန်းလား။


သင်တို့ ပျော်ပါ

တသက်မှာ တခါသေ ကမ္ဘာမြေပေါ်မှာလေ။


သင်တို့ နေပါ

တသက်မှာ တခါသေ ကမ္ဘာမြေပေါ်မှာလေ။


သင်တို့ ရှာပါ….

ဥစ္စာဓန၊ ပညာအလှ

တသက်မှာ တခါသေ ကမ္ဘာမြေပေါ်မှာလေ။


သို့ပေမဲ့

သင်တို့ ကျင့်နိုင်စေ

တသက်မှာ အခါခါ မသေဖို့

အသင်တို့ ဂုဏ်ပုဒ်တွေ။


သင်တို့မှာ လော်မာတဲ့ အတွေး

တခဏလေးမျှ ၀င်လာပါက

ကျုပ်တို့ရဲ့ ရင်ထဲဆန္ဒတွေ ဆီသို့

သင်တို့ သတိရမှုဖြင့် ဖယ်ရှားနိုင်၍

ဘ၀ခရီးတလျောက် ကြီးမြောက်ပါ့စေ။


သင်တို့မှာ လော်မာတဲ့ အတွေး

အချိန်နှင့်အမျှ တွယ်ကပ်ပါက

ကျုပ်တို့ရဲ့ သစ္စာဓာတ်အား ရောင်ပြန်

သင်တို့တတွေ ဒိဋ္ဌ တွေ့ရပြန်၍

ဘ၀ခရီးတလျောက် ပြီးလောက်ပါ့စေ။

(ကျုပ်တို့၊ဆိုသည်မှာ မပြီးဆုံးသေးသည့် ဒီမိုကရေစီအရေးတော်ပုံ တလျောက် အသက်ပေးခဲ့ သူများဖြစ်ကြောင်း) အေအမ်ဇက် (၈၊၈၊၂၀၀၇)



p

No comments: