Tuesday 28 August 2007

ချစ်သမီးလေးဆီ

သမီးငယ်

နို့ရည်တိုက်ကျွေး ဤအချိန်မျိုး၌

မေမေ့ ရင်မြတ် နို့ရည်ပြည့်တင်း

တိုက်ကျွေးချင်တယ် သမီးငယ်ရေ။


သမီးငယ်

မျက်လုံးရယ် ဝေ့၀ိုက်ကြည့်တတ်စ

အဖေရယ် အမေရယ် ကိုမှ

ကျင့်သားရအောင် မမှတ်တတ်သေး

ထိုအရွယ်လေးအားဖြင့်

မေမေ့ ရင်သိုက် ထွေးလို့ပိုက်ကာ

ပွေ့ရှိုက်ပေးချင်တယ် သမီးငယ်ရေ။


သမီးငယ်

နို့ချိုတိုက်လို့ ပြီးခိုက်ထိုအချိန်

နို့တွေအံကျ ဂျွတ်ထိုးခိုက်ဝယ်

ပွတ်သပ်သုတ်သင် နှုတ်ခမ်းတခွင်နဲ့

ဖွ၍ဖိပေး ရင်ဘက်လေးအား

မေမေ့ မေတ္တာများဖြင့် ကုစား

နွေးထွေးထားစေချင်တယ် သမီးငယ်ရေ။


သမီးငယ်

မှေး၍အိပ်ခိုက် စွန့်ပြစ်အစာ

ယိုစီး ထွက်ကျ အညစ်ဝတွင်

စိုစိနေပြီး လူးလွန့်နေခိုက်

မေမေ့ လက်ဖ၀ါးများဖြင့် သုတ်ထား

သန့်စင်လို့ကာ သွားစေချင်တယ် သမီးငယ်ရေ။


သမီးငယ်

အချိန်နှင့်အမျှ သမီးအတွက် ဝေရာဝစ္စ

မေမေကပြုပေး ပြုပေးချင်ပါတယ် သမီးငယ်ရေ။


သမီးငယ်ရေ

အနာဂတ် မျိုးဆက်အရေး

အဖေ ကော၊ အမေ ကော တွေး

တိုင်းပြည်ရဲ့ ဘေးဆိုးတွေပျောက်ရန်

ရင်သွေးငယ်သေး သမီးချစ်လေးကိုထား

လူ့အခွင့်အရေး တိုက်ပွဲကြားထဲ

ဦးဆောင်ကာဆင်နွှဲ လို့ဝင်

သမီးနှင့်တိုင်းပြည်မျိုးဆက် သာယာဖို့အရေး

ခဏလေးဝေးကြခြင်း ရယ်ပါ ချစ်သမီးရေ။


သမီးငယ်ရေ

မိခင်ကောင်းစိတ် မေမေ့မှာကိန်းဝပ်

သမီးလေးကို ချစ်တယ်ဆိုတဲ့အမိ

သမီးလေးတချိန် သိမှာပါလေ။ ။

သမီးလေးတချိန် နားလည်မှာပါလေ။ ။



အမိတိုင်းပြည်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်သွားစေရန်နှင့် ပြည်သူ့အနာဂတ်အား ပြည်သူအများ၏ စိတ်စေတနာကောင်းများစွာဖြင့် ၀ိုင်းဝန်းပုံဖော်တည်ဆောက်နိုင်သည့် စနစ်ကောင်းတခု ပေါ်ပေါက်ကာ၊ ပျော်ရွှင်ငြိမ်းချမ်းပြီး သောကအပူ ကင်းဝေးစေသော လူနေမှုစနစ်ကြီး အမြစ်တွယ်တည်မြဲစေရန်အတွက် ဦးစီးဦးရွက်ထမ်းဆောင် နေသူ အမျိုးသမီးများအား အလေးအနက် ဂုဏ်ပြုအပ်ပါသည်။

အထူးသဖြင့်၊ လေးလကျော် ခါစ သမီးငယ်လေးအား ခွဲခွာ၍ ပြည်သူ့အရေးအတွက် တောင်းဆိုလျက်ရှိပြီး ရှောင်တိမ်းလှုပ်ရှားရင်း အိမ်ပြန်ဖို့ရန် အခွင့်မသာသေးသော မနီလာ သိန်း(ကိုဂျင်မီ၏ ဇနီး) အား အထူးပင် လေးစားကြည်ညိုစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

ကိုဂျင်မီနှင့် မနီလာတို့၏ လေးလကျော်စ သမီးဦးလေး ဓါတ်ပုံ(အပေါ်)

အေးမြဇင်(၂၈၊၈၊၂၀၀၇)

No comments: